Friday, January 12, 2018

ဂျပန်နိုင်ငံမှ ထူးထူးခြားခြား မြေခွေးရွာ

အများအားဖြင့် မြေခွေးဆိုလျှင် ကြောက်လန့်စရာတိရိစ္ဆာန်တစ်မျိုးဟု ထင်တတ်ကြပေမယ့် ဂျပန်နိုင်ငံတွင်တော့ ထိုမြေခွေးလေးများကို လွတ်လပ်စွာ နေထိုင်နိုင်ရန် သီးခြားရွာတည်ပေးထားပါသည်။ ဂျပန်နိုင်ငံတွင် ကြောင်ကျွန်း ၊ ယုန်ကျွန်း စသည်ဖြင့် ထူးထူးခြားခြား နေရာများတည်ရှိသလို ယခု မြေခွေးရွာလေးကိုလည်း သီးခြားဘေးမဲ့ပေးထားသည့် နေရာတစ်နေရာအဖြစ် တည်ရှိနေပါသည်။ နေခရမ်းမှ ကြောင်ကျွန်း နှင့် ယုန်ကျွန်းအကြောင်းကို ယခင်က တင်ပြပေးဖူးပါသည်။

မြေခွေးရွာလေးသည် ဂျပန်နိုင်ငံ Miyagi စီရင်စုတွင် တည်ရှိပါသည်။ Zao မြေခွေးရွာလေးဟု အမည်ရှိပြီး မြေခွေးလေးများကို အရောင်အသွေးစုံလင်စွာဖြင့် ချစ်စဖွယ်ကောင်းစွာ များပြားစွာ တွေ့မြင်ရမည် ဖြစ်ပါသည်။ ထိုရွာတွင် အရောင်နှင့် အမျိုးအနွယ်ကွဲသော မြေခွေးမျိုးပေါင်း ၆ မျိုးရှိပြီး လွတ်လပ်စွာ နေထိုင်ကျက်စားနိုင်ရန် စီစဉ်ပေးထားပါသည်။

လာရောက်လည်ပတ်သူများ အနေဖြင့် ၀င်ကြေးပေး၍ မြေခွေးလေးများကို အနီးကပ် လေ့လာအစားကျွေးနိုင်ပါသည်။ မြေခွေးလေးများကလည်း လူများနှင့် ယဉ်ပါးနေကာ အစားကျွေးသူနား ၀ိုင်းကာနေကြပါသည်။ ဒါပေမယ့် မြေခွေးဆိုတာ အိမ်မွေးတိရိစ္ဆာန်စစ်စစ်တော့ မဟုတ်ပါဘူး။ လာရောက်သူများအနေဖြင့် မြေခွေးလေးများကို လွတ်လပ်စွာ အစာကျွေး အနီးကပ်နေထိုင်နိုင်ပေမယ့် ပါးစပ်ကို ဆော့ကိုင်ခြင်းမျိုး ၊ အလွန်အရဲကိုးသော အပြုအမူမျိုးကိုတော့ မပြုလုပ်ကြရန် သတိပေးထားပါသည်။ ထို့ပြင် ကလေးငယ်များကို ခေါ်ဆောင်လာခြင်းမျိုးကိုလည်း သတိပေး တားမြစ်ထားပါသည်။ တွေ့မြင်သမျှ မြေခွေးလေးများသည် ချစ်စဖွယ်ကောင်းလှအောင် ယဉ်ပါးနေကြပေမယ့် ကိုက်ခဲတတ်သည့် တိရိစ္ဆာန်မျိုးများ ဖြစ်ကြောင်း သတိပေးထားပါသည်။


ထို မြေခွေးကျွန်းတွင် အပိုင်းနှစ်ပိုင်း ခွဲခြားထားပြီး ပထမအပိုင်းတွင် ခြံခတ် ၊ လှောင်အိမ်ဖြင့် ထားသော မြေခွေးများကို တွေ့မြင်ရမှာပါ။ ဒုတိယအပိုင်းတွင်တော့ လွတ်လပ်စွာသွားလာနေသည့် မြေခွေးများကို တွေ့မြင်ရပြီး အစာကျွေးကာ အနီးကပ် နေထိုင်နိုင်ကြမှာပါ။

တကယ်တော့ ဂျပန်နိုင်ငံအနေဖြင့် မြေခွေးများသည် ဒဏ္ဍာရီပုံပြင်များ၌ အရေးပါသော နေရာတွင် ပါဝင်နေတတ်ပါသည်။ ဂျပန်လူမျိုးတို့အနေဖြင့် မြေခွေးများသည် ကံကောင်းခြင်းကို ဆောင်ကြဉ်းပေးနိုင်သည့် လက္ခဏာအဖြစ် တည်ရှိနေသလို ၊ မမြင်ရသော အစွမ်းသတ္တိများ တည်ရှိနေကြောင်း ယုံကြည်ထားတတ်ကြပါသည်။ ထို့ပြင် ရှင်တိုအယူဝါဒအရ မြေခွေးများသည် မြေသြဇာ ၊ အောင်မြင်ခြင်း နှင့် ဆန်စပါးကို ကိုယ်စားပြုသည့် Inari Okami နတ်နှင့် ပတ်သတ်ဆက်နွယ်နေသည်ဟု ယုံကြည်ကြပါသည်။ ထို့ကြောင့်ပင် ဂျပန်လူမျိုးများအနေဖြင့် မြေခွေးများကို လာရောက်အစာကျွေးတတ်ကြပါသည်။ အခြားသော ခရီးသည်များအနေဖြင့်လည်း ကမ္ဘာပေါ်တွင် ချစ်စရာအကောင်းဆုံး တိရိစ္ဆာန်လေးများ တည်ရှိရာနေရာ တစ်နေရာအဖြစ် သတ်မှတ်ကာ လာရောက်လည်ပတ်တတ်ကြပါသည်။










သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...