Friday, January 12, 2018

ကမ္ဘာအကြီးဆုံး နှင့် အလှပဆုံးစာရင်းဝင် Victoria ရေတံခွန်ကြီး

အာဖရိကတိုက်ရှိ Victoria ရေတံခွန်ကြီးသည် ကမ္ဘာ့အလှပဆုံး ရေတံခွန်များတွင် တစ်ခုအပါအ၀င်အဖြစ် သတ်မှတ်ခံရအောင် အလွန်ကိုကြီးမားလှပ နေပါသည်။ ထို့ပြင် ကမ္ဘာ့အကြီးဆုံး ရေတံခွန်ကြီးအဖြစ်လည်း သတ်မှတ်ထားကြသလို ကမ္ဘာ့အန္တရာယ်အများဆုံး သဘာဝရေကန် (Devil's Pool) တည်ရှိနေခြင်းကြောင့်လည်း ပိုမို၍ကမ္ဘာကျော်နေရပါသည်။

Victoria ရေတံခွန်ကြီးသည် အာဖရိကတိုက် တောင်ဘက်စွန်းပိုင်း ၊ ဇန်ဘီယာ နှင့် ဇင်ဘာဘွေနိုင်ငံတို့၏ နှစ်နိုင်ငံနယ်ခြားစည်းဖြစ်သော Zambezi မြစ်ကြီးပေါ်တွင် တည်ရှိနေပါသည်။ ကုန်းမြေနှစ်ခုကြားချိုင့်ဝှမ်းအတွင်းသို့ တစ်ဟုန်ထိုးစီးဆင်းသွားသည့် ရေတံခွန်ကြီး ဖြစ်ပါသည်။

Victoria ရေတံခွန်ကြီးသည် အမြင့်အားဖြင့် ၃၆၀ ပေ (၁၀၈ မီတာ) မြင့်ပြီး အကျယ်အားဖြင့် ၅၆၀၄ ပေ (၁၇၀၈ မီတာ) အထိ ကြီးမားသော တစ်ဆက်တစ်စပ်တည်း စီးဆင်းနေသည့် ရေတံခွန်များတွင် ကမ္ဘာ့အကြီးဆုံးလည်း ဖြစ်ပါသည်။ Victoria ရေတံခွန်ကြီးနှင့် နှိုင်းယှဉ်နိုင်သော ရေတံခွန်မှာ အာဂျင်တီးနား နှင့် ဘရာဇီးနိုင်ငံတို့အကြားရှိ Iguazu ရေတံခွန်ကြီးဖြစ်ပြီး ကြီးမားမှုမှာလည်း Victoria ရေတံခွန်ထက် ပိုကြီးပါသည်။ သို့သော် Iguazu ရေတံခွန်ကြီးသည် တစ်ဆက်တည်း ကျဆင်းနေသော ရေတံခွန်မျိုး မဟုတ်ဘဲ အပိုင်း နှစ်ခု ခွဲကာ ကျဆင်းနေသည့် ရေတံခွန်မျိုး ဖြစ်ပါသည်။


Victoria ရေတံခွန်ကြီးသည် ယခုအခါ ယူနက်စကိုမှ ကမ္ဘာ့ သဘာဝအမွေအနှစ်စာရင်းဝင် ဒေသတစ်ခု အဖြစ်သတ်မှတ်ထားသလို CNN သတင်းဌာနမှ သတ်မှတ်သော ကမ္ဘာ့သဘာဝအံ့ဖွယ် (၇)ခု စာရင်းတွင်လည်း တစ်ခုအပါအ၀င် ဖြစ်ပါသည်။ ထို့ပြင် ကမ္ဘာ့အလှပဆုံး ရေတံခွန်များတွင်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။

Victoria ရေတံခွန်ကြီးမှ နောက်ထပ် ကျော်ကြားသည့် အကြောင်းအရာတစ်ခုမှာ ကမ္ဘာ့အန္တရာယ်အများဆုံး နှင့် သဲထိတ်ရင်ဖိုဖွယ် သဘာဝရေကန် တည်ရှိနေမှုကြောင့် ဖြစ်ပါသည်။ ထိုရေကန်ကို Devil ရေကန်ဟု အမည်ပေးထားပြီး မြင့်မားလှသည့် ရေတံခွန်အစွန်းတွင် သဘာဝအလျောက် ရေတိုက်စားမှုကြောင့် ဖြစ်တည်နေခြင်း ဖြစ်ပါသည်။

Devil ရေကန်သည် နှစ်စဉ် သြဂုတ်လ မှ ဇန်န၀ါရီလအတွင်း ခြောက်သွေ့သောရာသီ၌ Victoria ရေတံခွန်ကြီး၏ထိပ် ကျောက်ဆောင်ကျောက်စွန်းတွင် ပေါ်ပေါက်လာမြဲ ဖြစ်ပါသည်။ ထိုအချိန်တွင် အန္တရာယ်အကင်းဆုံးနှင့် ရေကူးရန် အစဉ်ပြေဆုံး အချိန်ဖြစ်ပြီး နှစ်စဉ်ကမ္ဘာလှည့်ခရီးသည်များ မြောက်များစွာ လာရောက်ကြပါသည်။

ထိုအသဲထိတ်ဖွယ် Devil ရေကန်၌ ရေကူးခြင်း ၊ ဒိုင်ဗင်ထိုးခြင်းများ ပြုလုပ်နိုင်သလို ရေတံခွန်ကြီးမှ ရေများ မိမိကို ဖြတ်သန်းစီးဆင်းသွားသည်ကိုလည်း ခံစားရမှာပါ။ ထို့ပြင် မကြောက်တတ်သူများအဖို့ ရေတံခွန် အစွန်းထိသွားရောက်နိုင်ကာ ကျဆင်းနေသည့် ရေတံခွန်ကြီးကို အသဲယားဖွယ် တွေ့မြင်ခံစားနိုင်ပါသည်။ သို့သော် ထိုရေကန်သည် အန္တရာယ်အများဆုံး သဘာဝရေကန်အဖြစ် သတ်မှတ်ထားသလို သတိပေးချက်များလည်း ပြုလုပ်ထားပါသည်။







သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...