Monday, January 29, 2018

ယနေ့လူသားများ ဒစ်ဂျစ်တယ် မှတ်ဉာဏ် အားကိုးလွန်းသဖြင့် ကိုယ်ပိုင်မှတ်ဉာဏ် အားနည်းလာ


            ယနေ့ လူသားများသည် မှတ်စရာ  အချက်အလက်များကို ဖုန်းထဲမှာ အမှတ် များလာကြသောကြောင့် ကိုယ်ပိုင် မှတ်ဉာဏ်ကို ခိုင်းစေမှု နည်းပါးလာခြင်း အကျိုးဆက် အဖြစ် ကိုယ်ပိုင် မှတ်ဉာဏ်စွမ်းအား ကျဆင်းမှုနဲ့ ကြုံလာရကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
            လူတော်တော် များများသည် ကိုယ့်အိမ်ထောင်ဖက်၊ ခင်ပွန်း၊ မိတ်ဆွေ သူငယ်ချင်းတို့၏ ဖုန်းနံပါတ်များကို ဖုန်းကြည့်ပြီးသာ ရွတ်တတ် ကြတော့သည်။ ကိုယ်ပိုင်မှတ်ဉာဏ်ဖြင့် ပြန်ရွတ်ပြ နိုင်ခြင်းမျိုး မရှိတော့ဟု စစ်တမ်းက ဆိုသည်။
            အမေရိကန် (၉၀) ရာခိုင်နှုန်းထိက ဖုန်း၊ အင်တာနက်၊ တဲဘလက် တို့သည် ၎င်းတို့ အတွက် ဦးနှောက် အစားထိုး ပစ္စည်းများ ဖြစ်သည်ဟု ၀န်ခံထားကြသည်။ မှတ်သားစရာရှိလျှင် ဖုန်းထဲ၊ တဲဘလက်ထဲနှင့် အွန်လိုင်းမှာသာ မှတ်လိုက်ကြသည်။ ခေါင်းထဲမှာ မှတ်ထားခြင်းမျိုး နည်းကြသည်။ လေ့လာမှု စစ်တမ်းကို အွန်လိုင်း အဖျက်ဆော့ဖ်ဝဲ ကာကွယ်ရေး လုပ်ငန်း Kaspersky Lab မှ ပြုလုပ်ထားခြင်း ဖြစ်သည်။

            ““အင်တာနက် ချိတ်ဆက် ဒစ်ဂျစ်တယ် ပစ္စည်းတွေဟာ အချက်အလက်တွေ ရှာဖွေဖို့၊ မှတ်သားဖို့၊ သိမ်းဆည်းထားဖို့ အလွန် အားကိုးရတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကိုချည်း အားကိုးနေမယ် ဆိုရင်တော့ လူတွေ မူလ မှတ်ဉာဏ် အားနည်းမယ့် အန္တရာယ် ရှိနေပါတယ်”” ဟု Kaspersky Lab ၏ မြောက်အမေရိက ဌာနမှ မန်နေဂျင်း ဒါရိုက်တာ ခရစ်ဒေါ့ဂတ်က ပြောသည်။
            စစ်တမ်းတွင် အမေရိကန် နိုင်ငံတစ်ဝန်းမှ အသက် (၁၆) နှစ်အထက် လူပေါင်း တစ်ထောင် ပါဝင်သည်။ ဒစ်ဂျစ်တယ် မှတ်ဉဏ် အားကိုး လွန်းမှုကြောင့် ကိုယ်ပိုင် မှတ်ဉဏ် အားနည်းခြင်းသည် အသက်အရွယ် မရွေး၊ ကျားမ မရွေးကို သက်ရောက်နေကြောင်း လေ့လာ တွေ့ရှိရသည်။
            စစ်တမ်း ပါဝင်သူ (၉၁) ရာခိုင်နှုန်းထိက ဒစ်ဂျစ်တယ် ပစ္စည်းများကို မှတ်ဥာဏ် အပွားအဖြစ် လည်းကောင်း၊ ပင်မမှတ်ဉာဏ် ကိရိယာ အဖြစ် လည်းကောင်း အားကိုး နေမိသည်ဟု ၀န်ခံထားကြသည်။ (၄၄) ရာခိုင်နှုန်းက သူတို့ မှတ်သား လိုသမျှ၊ ပြန်မှတ်မိရန် လိုသမျှကို ဖုန်းထဲမှာ မှတ်ထားသည်ဟု ဆိုသည်။ ဖုန်းထဲက ဒေတာများ ပျက်သွားလျှင် ရင်ကွဲ နာကျသည် အထိ ခံစားရကြောင်းလည်း အများစုကြီးက သဘောထား ပေးသည်။
            Kaspersky Lab သည် ဥရောပ ခြောက်နိုင်ငံတွင်လည်း လူ (၆၀၀၀) ကို အလားတူ စစ်တမ်း ကောက်ထားသည်။ စစ်တမ်း ပါဝင်သူ (၇၁) ရာခိုင်နှုန်းထိက သားသမီးများ၏ ဖုန်းနံပါတ်ကို မမှတ်မိဟု ဆိုသည်။ (၈၇) ရာခိုင်နှုန်းသော မိဘများကလည်း ကလေးများ၏ ကျောင်း ဖုန်းနံပါတ်ကို မမှတ်မိ။
            (၅၇) ရာခိုင်နှုန်း ကလည်း အလုပ်က ဖုန်းနံပါတ်ကို မမှတ်မိ။ (၄၉) ရာခိုင်နှုန်း ကလည်း ဇနီး၊ ခင်ပွန်းဖြစ်သူ၏ ဖုန်းနံပါတ်ကို မမှတ်မိဟု ဆိုသည်။ ဖုန်းကို ထုတ်ကြည့်ပြီးမှသာ ပြောနိုင်တော့သည်ဟု ဆိုကြသည်။
Source: Daily Mail
Credit: www.messengernewsjournal.com  

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...