Monday, January 29, 2018

အချိန်ဆွဲရာမှာ နာမည်ကြီးသည့် ပါရမီရှင်ကြီးတွေ


          အလုပ်တစ်ခု စလုပ်ဖို့ နေ့ရွှေ့ညရွှေ့ ရွှေ့နေမိသည့် ကိုယ့် ကိုယ်ကိုယ် စိတ်ပျက်နေမိပါသလား။ သိပ်တော့ စိတ်ပျက်ပါနဲ့ စာဖတ်သူ။ ကမ္ဘာကျော် အဖော်အပေါင်းကြီးတွေ ရှိနေပါသည်။
ဝေါ်ဂန် အမာဒီယက်စ် မိုးဇက်
          ဒန် ဂျိုဗာနီ တေးသွားကို မိုးဇက်သည် တစ်ညတည်းနဲ့ အပြီးရေးခဲ့ခြင်း ဖြစ်သည်။ သံစုံတီးဝိုင်း ဖျော်ဖြေမည့် ညကျမှ ရေးကြီးသုတ်ပြာ ရေးလိုက်ရခြင်း ဖြစ်သည်။ ထိုသို့ ရေးရခြင်း အကြောင်းရင်း ကလည်း ရှင်းသည်။ သူသည် မိုးဇက် ဖြစ်သောကြောင့် ဖြစ်သည်။ (၃၁) နှစ် အရွယ် မိုးဇက်သည် သံစဉ်တေးသွားများကို စိတ်ထဲမှာတင် ဖွဲ့သီနေတတ်သူ ဖြစ်သည်။ ဒန် ဂျိုဗာနီ တေးသီချင်း ဖျော်ဖြေသည့် ညက ဂီတသင်္ကေတ စာရွက်များသည် မင့်မချောက်သေး။ အစမ်းလေ့ကျင့်ဖို့ အချိန်တောင် မရလိုက်။
          ''တချို့တေးသွားတွေမှာ အကျအပေါက်တွေ ရှိခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပြေတော့ ဖြစ်သွားပါတယ်'' ဟု မိုးဇက်က နောက်ပိုင်းတွင် ပြန်ပြောပြသည်။
ဖရန့် ကဖ်ကာ
          ကဖ်ကာသည် အာမခံလုပ်ငန်း စာရေးအဖြစ် လုပ်ကိုင်စဉ်က ၀တ္ထုရေးမည်ဆိုလျှင် ရေးနိုင်သည့် အချိန်ပို အချိန်အားများစွာ ရရှိခဲ့သည်။ သို့သော် ကဖ်ကာ တစ်ယောက် ထိုအချိန်များမှာ ၀တ္ထုတွေ တကယ် ရေးဖြစ်ခဲ့ပါရဲ့လား။ နေ့လယ် (၂) နာရီဆိုလျှင် ကဖ်ကာ အလုပ်ဆင်းလို့ရပြီ။ အချိန်ဆွဲတာက သူ့အကျင့်ဆိုးကြီး ဖြစ်သည်။ သူ့ဇနီးလောင်းထံ ရေးသားသော စာတွင် ကဖ်ကာ ကိုယ်တိုင် ရေးသားထားချက် အရ 'ရုံးဆင်းပြီးလျှင် ညနေ (၃) နာရီခွဲထိ နေ့လယ်စာ စာရင်း အချိန်ကုန်သည်။
            ည (၇) နာရီခွဲထိ အိပ်သည်။ (၁၀) မိနစ် လေ့ကျင့်ခန်း လုပ်သည်။ တစ်နာရီလောက် လမ်းလျှောက်သည်။ ထို့နောက် မိသားစုနဲ့ အတူ ညစာစားသည်ဟူ၍ ဖြစ်သည်။ ဘယ်အချိန်မှာ စာရေးသည့် အလုပ် စပါသနည်း။ ည (၁၁) ထက်စောပြီး စာစရေးလေ့မရှိ။ ထို့နောက်ပိုင်းတွင်မှ စာစရေးပြီး မနက် (၆) နာရီလောက်ထိ စာရေးလျှင် ရေးတတ်သည်။
          ထိုသို့ ညမအိပ်ဘဲ စာရေးသည့် အကျင့်သည် ကောင်းသော အကျင့်တော့ မဟုတ်။ ကဖ်ကာ အသက် (၄၀) မှာ ကွယ်လွန်သွားရခြင်း နောက်ခံ အကြောင်းရင်းဟုလည်း ဆိုချင်က ဆိုနိုင်သည်။ သူကွယ်လွန်ချိန်တွင် လက်စ မသတ်လိုက်နိုင်သော လက်ရာပေါင်းများစွာ ကျန်ရစ်ခဲ့သည်။

ဖရန့် လွိုက် ရွိုက်
          ဗိသုကာ ပညာရှင် ဖရန့် လွိုက် ရွိုက်သည် သူ့နာမည် အကြီးဆုံး လက်ရာကို အသက် (၆၈) နှစ်တွင် ဖန်တီးခဲ့သည်။ နှစ်နာရီအတွင်း ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ၁၉၃၄ ခုနှစ်တွင် စတိုးဆိုင် လုပ်ငန်းရှင် တစ်ယောက်သည် ပင်ဆယ်ဗေးနီးယားရှိ သူ့ခြံအတွင်း ရေတံခွန်များ အနီး အပန်းဖြေ စံအိမ်တော်ကြီး တစ်လုံး တည်ဆောက်ဖို့ ရွိုက်ကို အလုပ်အပ်ခဲ့သည်။ ရွိုက်သည် ထိုနေရာကို သွားကြည့်ခဲ့ပြီး သူ့မှာ စိတ်ကူးကောင်းကောင်း တစ်ခုရှိသည်ဟု ဆိုကာ စံအိမ်တော်ကြီး တည်ဆောက်ဖို့ လက်ခံခဲ့သည်။
          ရက် တွေလတွေသာ ချီပြီး ကြာသွားသည်။ ရွိုက် ထံက ဘာပုံကြမ်းမှ ထွက်မလာ။ သို့ဖြင့် ၁၉၃၅ စက်တင်ဘာလ (၂၂) တွင်တော့ စတိုးဆိုင် လုပ်ငန်းရှင်သည် ရွိုက်၏ရုံးခန်းသို့ သွားကာ သူ့အိမ်တော်ကြီး ပုံကြမ်းဆွဲမှု အခြေအနေကို သွားကြည့်ခဲ့သည်။ ပိုင်ရှင်သည် နေ့လယ်စာ စားချိန်မတိုင်ခင် ရောက်ရှိမည် ဖြစ်သည်။ ထိုနေ့မနက်တွင်မှ ရွိုက်သည် မနက်စာ သုတ်သုတ်ပြာပြာ စားပြီးနောက် အိမ်တော်ကြီးပုံစံ အပြည့်အစုံကို နှစ်နာရီအတွင်း ရေးဆွဲခဲ့သည်။
           ပိုင်ရှင် ရောက်မလာခင်လေးမှာပင် Fallingwater စံအိမ်ကြီးပုံစံ ရေးဆွဲပြီးစီးခဲ့သည်။ ထို Fallingwater  အိမ်တော် ဒီဇိုင်းသည် ခေတ်သစ် ဗိသုကာ လက်ရာအဦးအစ အဖြစ် သတ်မှတ်ခံရပြီး အမေရိကန်နိုင်ငံ သမိုင်းဝင် လက်ရာအဖြစ် သတ်မှတ်ထားသည်။
ဗစ်တာ ဟူးဂိုး
          နော်တာဒမ် ခါးကုန်းကြီး ၀တ္ထုကို ဗစ်တာဟူးဂိုးသည် ၁၈၃၀ ခုနှစ် ဆောင်းတွင်းမှာ အပြီး ရေးသားခဲ့သည်။ ၁၈၃၁ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးသတ်ရမည် ဟူသော နောက်ဆုံး သတ်မှတ်ရက် အမီ ရေးကြီးသုတ်ပြာ ရေးသားခဲ့ခြင်း ဖြစ်သည်။ စာရေးဖို့ မင်အိုးတွေလည်း အပြည့်အစုံ ၀ယ်ထားပြီးပြီ။ သို့ဖြစ်သည့်တိုင် စာရေးဖို့ ဈာန်မ၀င်လို့ဟု ဆိုကာ နေ့ရွှေ့ ညရွှေ့တွေ သူလုပ်နေသည်။
           အချိန်ဆွဲတတ်သည့် သူ့အကြောင်း သူသိသဖြင့် မရေးအဖြစ် ရေးဖြစ်စေရန် အတွက် သူသည် အခန်းထဲတွင် ကိုယ်လုံးတီးချွတ်ပြီး နေလိုက်သည်။ အ၀တ်အစားတွေကို ဗီဒိုထဲထည့် သော့ခတ် ထားလိုက်သည်။ အ၀တ်အစား မရှိသဖြင့် အပြင်ထွက်လည်ဖို့ မဖြစ်နိုင်တော့ဘဲ အိမ်ထဲမှာသာ သူနေဖြစ်သွားတော့သည်။ အအေးမပတ်အောင် သူ့ကိုယ်သူ စောင်ကြီးနဲ့သာ ပတ်ထားလိုက်သည်။
            သူ့ဇနီး၏ အဆိုအရ ဟူးဂိုးသည် ထိုစောင်ကြီးကို လနဲ့ချီပြီးပတ်ထားကာ စာရေးခဲ့သည်ဟု ဆိုသည်။ သူ့အိုင်ဒီယာ အလုပ်ဖြစ်ခဲ့သည်။ မင်လည်းကုန် သူလည်းဝတ္ထုရေးလို့ ပြီးသွားသည်။ နောက်ဆုံး သတ်မှတ်ရက်ထက် ရက်သတ္တပတ် တော်တော်များများ စောပြီးပင် ပြီးစီးသွားခဲ့သည်။ နော်တာဒမ် ခါးကုန်းကြီး ၀တ္ထုကိုပင် 'မင်အိုးထဲက ထွက်လာတာများ' ဟု နာမည်ပေးဖို့ စဉ်းစားမိခဲ့သေးသည်ဟု ဟူးဂိုးက ဆိုခဲ့ဖူးသည်။
            ထိုမျှအချိန်လုပြီး နောက်ဆုံးအဆင့်ကျမှ ရေးကြီးသုတ်ပြာ ရေးခဲ့ရသော ၀တ္ထုစာအုပ်သည် ဟူးဂိုးရေးသမျှထဲတွင် စံတင်လောက်သော ၀တ္ထုအဖြစ် သတ်မှတ်ခံခဲ့ရသည်။
Ref: rdasia.com
Credit: www.messengernewsjournal.com  

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...