Tuesday, February 13, 2018

ထူးဆန်းအံ့ဖွယ် တည်ပုံဆန်းသည့် ဇလုံတောင်တော်

သာယာသော ရေမြေတောတောင်များ၏အလယ်တွင် မြင့်မြင့်မားမား ထီးထီးကြီး ထိုးထွက်နေတဲ့ ဇလုံတောင်တော်ရဲ့ ဓာတ်ပုံကို တွေ့မြင်ရသူတိုင်း သွားရောက်ဖူးမျှော်ခြင်လောက်အောင် ဆွဲဆောင်မှုရှိစေတာ အမှန်ပါ။ အထက်မြန်မာပြည်ကျိုက်ထီးရိုးဟု တင်စားရလောက်အောင်ပင် ဇလုံတောင်တော်၏ တည်ရှိနေပုံ အံ့မခန်းဆန်းကြယ်လှသလို သဘာဝရေမြေတောတောင်များကို ဖြတ်သန်းသွားရောက်ရတဲ့ ခရီးကြောင့်လည်း ကျော်ကြားလူသိများလာခြင်း ဖြစ်ပါတယ်။ ထို့ပြင် ညနေ နေ၀င်ချိန်လိုအခါမျိုး၌ နေရောင်မှ ရောင်ပြန်ဟပ်ကာ တောင်တစ်ခုလုံး ရွှေရောင်လွှမ်းနေတတ်သဖြင့် ပိုမိုကျော်ကြားလာခဲ့ရပါသည်။ နေခရမ်းအနေဖြင့် ဇလုံတောင်ဘုရားဖူးခရီးစဉ် အတွေ့အကြုံများနှင့် ဘုရားသမိုင်းကိုပါ အကျဉ်းမျှ တင်ပြပေးခြင်ပါတယ်။

ဇလုံတောင်သည် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့နယ် တွင် တည်ရှိပြီး ဗန်းမောက်မြို့မှ မြောက်ဘက် (၁၂)မိုင်၊ (၂)ဖာလုံ အကွာ တောတောင်များအတွင်း၌ တည်ရှိနေသော ကျောက်လုံးတောင်ကြီး ဖြစ်ပါသည်။  တောင်တော်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃ဝ၉ဝ မြင့်သော တောင်ပေါ်တွင် ကြီးမားလှသော ကျောက်တုံးကြီးများ စုစည်းကာ ထပ်ဆင့်တည်ရှိနေခြင်းပါ။ တောင်ပေါ်၌ ဇလုံတောင်ဟု အမည်ရသော ကျောက်တောင်ကြီး သည် သံတောင် ၄၄၄ တောင် ၊ ပေအားဖြင့် ၆၆၆ ပေ အမြင့်ဖြင့် ထီးထီးကြီးရပ်တည်နေခြင်း ဖြစ်ပါသည်။

Photo:Internet
ဇလုံတောင်တော်သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ အနေဖြင့် အရိမေတ္တေယျ ဘုရားရှင်ပွင့်တော်မူကာ တရားဦးဟောကြားမည့် တောင်အဖြစ် ရည်စူးမှတ်ယူကာ လာရောက်ဖူးမျှော်ကြသူများပါသည်။ တောင်တော်နှင့် ပတ်သတ်သည့် သမိုင်းအကျဉ်းကို နောက်ပိုင်းတွင် ရေးပေးထားပါသည်။


Photo:Internet 
ဇလုံတောင်ကျောက်လုံးကြီးများသည် ကြည့်ရှု့သည့် အရပ်မျက်နှာပေါ်မူတည်ကာ ပုံစံကွဲပြားတတ်သဖြင့် စွဲဆောင်မှုတစ်မျိုး ဖြစ်စေပါတယ်။ တစ်ခါတစ်ရံ ညနေနေ၀င်ချိန်လိုအခါမျိုး၌ တောင်တော်သည် နေရောင်ပြန်ဟပ်ကာ ရွှေတောင်ကြီးကဲ့သို့ ၀င်းဝင်းဝါ၀ါ တည်ရှိနေပုံမှာလည်း ဆန်းပြားလှပလှပါတယ်။
ယခုအချိန်တွင် ဇလုံတောင်ခရီးသည် အောက်မြန်မာပြည်မှ ခရီးသွားများအတွက် လွယ်လွယ်နဲ့ သက်သက်သာသာ ရောက်သည့် ခရီးတော့ မဟုတ်သေးပါ။ အောက်မြန်မာပြည်မှ လာလျှင် မန္တလေး ၊ ရွှေဘို ၊ အင်းတိမ် ၊ ဗန်းမောက်လမ်းအတိုင်း လာကြသည်က များပါတယ်။ လမ်းပိုင်း ပြင်ဆင်နေမှုများ ပြုလုပ်နေကြသဖြင့် နောက်ပိုင်းပိုမိုကောင်လာမည် ဖြစ်ပါတယ်။ ဗန်းမောက်မြို့ရောက်သော်လည်း ဇလုံတောင်ကို မရောက်သေးပါ။ မြို့ပြင်သို့ထွက်ကာ အနည်းငယ်ထပ်သွားမှ ဇလုံတောင်တက်သည့် ကားဝင်းရှိရာသို့ ရောက်ရှိမှာပါ။ ကားများကို ထိုနေရာတွင် ရပ်ထားကာ တောင်တက်ကားဖြင့် ဇလုံတောင်ခရီးကို ချီတက်ရပါအုံးမည်။ လမ်းမှာ မြေသားလမ်းဖြစ်ပြီး အတက်အဆင်းကြမ်းသဖြင့် 4 Wheels တောင်တက်ကားများဖြင့် တက်သည်ကပင် အန္တရာယ်ကင်းတာ အမှန်ပါ။ တောင်တက်ကားခသည် တစ်ဦး ၃၀၀၀ ကျပ် (အသွား) ရှိပြီး လူ ၁၅ ဦးသာ တင်ပါသည်။ မစောင့်နိုင်လို့ ပုတ်ပြတ်ခေါ်လျှင် ကားတစ်စီး ၄၅၀၀၀ ပေးခဲ့ရပါတယ်။

( ဇလုံတောင် တောင်တက်ကားလမ်း တစ်နေရာ )
ဇလုံတောင်တက်လမ်းသည် သက်သက်သာသာမဟုတ်။ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို ဖြစ်စေပါတယ်။ အောက်ခံမြေသားလမ်းချော်ချော်ပေါ်မှာ အတက်အဆင်းကြမ်းကြမ်းနဲ့ တက်ရဆင်းရတာ ရင်ဖို စိတ်လှုပ်ရှားစေပါတယ်။ တစ်တောင်တက် ၊ တစ်တောင်ဆင်း ၊ မြင့်မားသော သစ်ပင်များတည်ရှိရာ တောအုပ်များကို ဖြတ်သန်းရသလို လျှိုချောက်ကမ်းပါးများကိုလည်း ဖြတ်သန်းရပါသေးတယ်။

ဇလုံတောင်မရောက်ခင် လမ်းခွဲတစ်ခုမှ အံ့ဖွယ်ထူးခြား ကျောက်မဏ္ဍပ်သို့ အရင်ပို့ဆောင်ပေးပါတယ်။ အရင်ဆုံး တည်ရှိပုံ ဆန်းကြယ်ပြီး ထူးခြားမှုရှိတဲ့ ကျောက်မဏ္ဍပ်အကြောင်း တင်ပြပေးပါမယ်။ ဇလုံတောင်၏ တောင်ဘက် (၂)မိုင်ခန့်အကွာ တောင်ပေါ်တွင် ကျောက်မဏ္ဍပ်ဘုရား ရှိတာပါ။ ကျောက်မဏ္ဍပ်သည်လည်း တောင်ပေါ်တွင် အလွန်ကြီးသော ကျောက်တုံးကျောက်ဖြာကြီးက မိုးကာ ထူးခြားစွာ တည်ရှိနေတာပါ။

ကျောက် မဏ္ဍပ်သည် တောင်ထိပ်တွင် အလျားပေ ၈ဝ၊ အနံပေ ၇ဝ ခန့်ရှိ ကျောက်ဖျာကြီိးသည် တောင်ပေါ်တွင် နှစ်ဖက်နှစ်ခြမ်း ကျောက်အမိုး မဏ္ဍပ်ကြီးသဖွယ် ဖြစ်တည်နေခြင်းပါ။ ကျောက်တုံးကြီး တည်နေပုံမှာ ရင်သပ်ရှု့မောဖွယ်ကောင်းလှပါတယ်။ ကျောက်မဏ္ဍပ်ကျောက်တုံးကြီးအောက် နှင့် အထက်ကျောက်တုံးပေါ်တွင် ဘုရားတည်ထားပါတယ်။ ကျောက်တုံးအထက်သို့လည်း လူများတက်ရောက် ကြည့်နိုင်ပါတယ်။

ကျောက်မဏ္ဍပ်ကျောက်တုံးကြီးရဲ့ တစ်ဖက်ခြမ်းမှာ ကျောက်ဆန်အိတ်များ စီထားပြီး နောင်ဘုရားပွင့်လျှင် လှူဒါန်းရန်ဟု ဆိုကြပါတယ်။ ကျောက်ပန်းကန်၊ ကျောက်လင်ပန်း ၊ ကျောက်လှေကြီးများ ၊ ကျောက်မောင်းဆုံ နှင့် ကျောက်ကြေးစည်များလည်း ရှိပါတယ်။ ထို့ပြင် အလွန်ကျဉ်းမြောင်း ကျောက်ချပ်ကြားကိုလည်း ဖြတ်သန်းသွားနိုင်ပါသေးသည်။
ဇလုံတောင်ခရီးစဉ်တွင် ကျောက်မဏ္ဍပ်သည်လည်း ထူးခြားသော သဘာဝကျောက်တုံးကြီးများ တည်ရှိနေပုံကို လေ့လာခွင့်ရစေသလို ဘုရားများကိုလည်း ဖူးမျှော်နိုင်ပါတယ်။
(ကျောက်မဏ္ဍပ်ဘုရားမှ ကျောက်ကြေးစည် ၊ ကြီးမားလှသည့် ကျောက်တုံးကြီးများ နှင့် လမ်းကျဉ်းလေး)
ကျောက်မဏ္ဍပ်မှ ပြန်လည်ထွက်ခွာလာပြီး ဇလုံတောင်ရောက်ရန် ထပ်မံသွားရပါသေးတယ်။ မြေသားလမ်းပေါ် တောင်တက်တောင်ဆင်းသွားနေရင်း နောက်ထပ်အံ့သြစရာ တစ်ခုကိုလည်း တွေ့ရပါသေးတယ်။ ဒါကတော့ ကားသမား ပြောပြ၊ စမ်းပြသည့် သံလိုက်တောင်ကုန်း ဖြစ်နေတဲ့ နေရာပါ။ တောင်ကုန်းအဆင်း ဆင်းကာစနေရာတွင် ကားကိုစက်လုံးဝရပ်ကာ ၊ ဂီယာအလွတ်ထားပြီး ရပ်ထားလိုက်ရင် ကားက နောက်ပြန်တောင်ပေါ် ပြန်တက်သွားတာ တွေ့ကြုံခံစားခဲ့ရပါတယ်။ ကားဆရာပြောတာကတော့ ထိုနေရာ ရောက်ရင် ကားစက်သိသိသာသာ ငုပ်သွားသည်ဟု ဆိုပါတယ်။ နှစ်ကြိမ်စမ်းပြခဲ့ပါတယ်။ နေခရမ်းအနေဖြင့် အံ့သြစရာ နေရာတစ်နေရာ အဖြစ်သတ်မှတ်ထားပေမယ့် အကြောင်းအရင်းတော့ သေခြာမသိပါ။ နားလည်သူများ သိရှိလေ့လာသင့်သည့် နေရာတစ်ခုပင် ဖြစ်ပါတယ်။

ထိုနေရာမှ ထွက်လာသည်နှင့် ဇလုံတောင်ကျောက်လုံးကြီးကို တောင်တောအုပ်အလယ်တွင် ဝေးလိုက်ပျောက်လိုက် တွေ့မြင်ရပါတယ်။
တောအလယ်၌ ကျောက်တောင်ကြီး မားမားမတ်မတ် တည်ရှိနေပုံမှာ အလွန်ပဏာရလှပါတယ်။

တောင်တက်ကားများသည် ဇလုံတောင်တည်ရှိရာ တောင်ခြေ တယ်ပင်ပြန့်အထိ ရောက်ရှိနေပါသည်။ ထိုနေရာတွင် တွေ့မြင်ရသော ဇလုံတောင်ပုံစံကြောင့် ခက်ခက်ခဲခဲလာခဲ့ရသမျှ အမောအပန်းပြေစေခဲ့တာ အမှန်ပါ။ ပတ်ဝန်းကျင်တစ်ခွင် စိမ်းစိုနေသော တောအုပ်များအလယ်တွင် ထီးထီးကြီးရပ်တည်နေတဲ့ ဇလုံတောင်ကြီး၏ ပုံသဏ္ဍန်မှာ ဇလုံကြီး မှောက်ထားသလို ၊ ဆင်ကြီးတစ်ကောင် ၀ပ်တွားနေသလို ထင်မြင်မိစေတာ အမှန်ပါ။ တစ်ထောက်နား အလှဓာတ်ပုံရိုက်လိုသူများအတွက် အလွန်လှသော နေရာလည်း ဖြစ်ပါတယ်။ တောင်ခြေနေရာမှ နေ၍ ကျောက်တောင်ကြီးကို ထင်ရှားစွာတွေ့မြင်ရသလို တောင်ပေါ်မှ ဘုရားစေတီများကိုလည်း ကြည်ညိုဖွယ် ဖူးမြင်ရပါတယ်။

တယ်ပင်ပြန့်စခန်းမှနေ၍ ဇလုံတောင်ပေါ်သို့ ကျောက်တုံး ကျောက်ချပ်များအကြား ကျဉ်းမြောင်းမတ်စောက်တဲ့ လမ်းမှ တက်ရောက်ရပါတယ်။ ဘုရားဖူးများနေချိန်၌ လမ်းကျဉ်းကျဉ်းတွင် ဆင်းသူတက်သူများဖြင့် ပြည့်နေကာ အဆင်းအတက် အလှည့်ပေး၍ တက်ရောက်ရပါတယ်။

ဇလုံတောင်လုံးကြီးပေါ်သို့ တက်ရောက်ရတဲ့ လမ်းပုံစံသည် အခြား စေတီပုထိုးနေရာများနဲ့ မတူကာ ထူးခြားမှု တစ်ခုပင် ဖြစ်ပါတယ်။ တောင်တက်သည့် လမ်းတစ်လျောက် အခြားကျောက်တောင်များထိပ်ရှိ ဘုရားစေတီများကိုလည်း ကျဉ်းမြောင်းသည့် လူကူးလမ်းလေးများမှ သွားဖူးနိုင်ပါတယ်။ ကျောက်တောင်များရဲ့ဘေးကို ကြည့်လိုက်ရင် ချောက်ကမ်းပါးသာ တွေ့ရသဖြင့် စိတ်လှုပ်ရှားစေပါတယ်။

Photo:Internet
ဇလုံတောင် တည်ရှိနေပုံသည် ခမည်းတော်တောင် နှင့် မယ်တော်တောင် ကျောက် လုံးကြီး များ နှစ်လုံးပူးတွဲပြီး ဘေးအနည်းငယ် နိမ့်သော နှစ်ဖက်တွင် သားတော်တောင် ၊ သမီးတော်တောင် တွဲနေတာပါ။ လွန်ခဲ့သော နှစ်လေးဆယ်ခန့်က သမီးတော် ကျောက်တောင်ကြီး ပဲ့ကျခဲ့ပါတယ်။ ကျောက်လုံးကြီး ပဲ့ကျသော အသံကို ဗန်းမောက်မြို့နယ် တစ်နယ်လုံး သိမ့်သိမ့်တုန် မြည်ဟည်း ရိုက်ခတ်ခဲ့ကြောင်း သိရပါတယ်။
ကျောက်တောင်ထိပ် ကို တက်သည့် အခါတွင် ကျောက်တောင်ကြီး နှစ်လုံးကြားမှ ခပ်မတ်မတ်ကျောက်လှေကားနဲ့ တက်ရပါတယ်။ တောင်အလယ်လောက်ရှိ သဘာဝကျောက်ချပ်ကြီးနေရာတွင် လူတစ်ကိုယ်စာလောက်သာ ၀င်ဆံ့သည့် ကျောက်တံခါးပေါက်မှ ဖြတ်ကူးရပါတယ်။ သဘာဝကျောက်ချပ်ကြီးပိတ်နေမှုကို လူတစ်ယောက်သွားစရာရရန် ဖောက်လုပ်ထားခြင်း ဖြစ်မှာပါ။ အကုသိုလ်များသူများ သွားလို့မရ ၊ ကြပ်နေတတ်သည်ဟုလည်း ဆိုတတ်ကြပါတယ်။

တောင်ထိပ်ပေါ်ရောက်သည်နှင့် အေးမြသောလေနှင့်အတူ ကြည်ညိုဖွယ်တည်ထားသော ဘုရားစေတီများကို ဖူးမျှော်ရပါတယ်။ ဇလုံတောင်ပေါ်တွင် ဘုရားတည်ခဲ့သည်မှာ သက္ကရာဇ် ၄၉၂ ခုနှစ်က ဖြစ်သည့်သဖြင့် နှစ်ပေါင်း ၉ဝဝ ခန့် နီးပါးကြာပြီဟု သိရပါတယ်။ အရှင်ဓမ္မဒဿီ အမည်ရှိ အရှင်အရဟံ နှင့် တပည့် အရှင်အာစာရ မထေရ်မြတ် နှစ်ပါးသည် ဂေါဒေါပလ္လင် ခေါ် ဇလုံတောင်သို့ ကြွရောက်တော်မူပြီး ဣစ္ဆာသယ လိုတရ ချမ်းသာကြီး အောင်တော်မူ ၊ အောင်ဆုယူ စေတီများကို ဦးစွာပထမ တည်ထား ကိုးကွယ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများမှ ဆိုပါတယ်။ ထို့နောက် ဇလုံတောင်ပေါ်တွင် ခေတ်အဆက်ဆက် သာသနာပြုဆရာတော်များနှင့် အလှူရှင်ဒကာများမှ မွမ်းမံပြုပြင်ခြင်း ၊ စေတီဘုရား အသစ်တည်ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

သို့သော် ဇလုံတောင်တည်ရှိရာအရပ်သည် အလွန်ထူထပ်သော တောတောင်များအတွင်းဖြစ်ခြင်း ၊ လမ်းပန်းခက်ခဲခြင်း နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု မရှိမှုတို့ကြောင့် ထင်ပေါ်ခြင်းမရှိဘဲ နှစ်များစွာ ပျောက်ကွယ်နေခဲ့ပါသေးတယ်။ နောက်ပိုင်း ၁၉၉ဝ ပြည့်နှစ် ဒေသတည်ငြိမ်အေးချမ်းချိန်ရောက်မှ သာသနာပြုဆရာတော်များ ပြန်လည်ရှာဖွေဖော်ထုတ်မှုကြောင့် ဘုရားဖူးပြည်သူများ ပြန်လည်ဖူးမျှော်ခွင့် ရရှိခဲ့ရခြင်း ဖြစ်ပါတယ်။

ဇလုံတောင်ပေါ်မှ ကြည့်လျှင် ဘေးပတ်လည် တောတောင်များကို လှပစွာတွေ့မြင်ရမည် ဖြစ်သလို အောက်သို့ငုံ့ကြည့်ပါက နက်သောတောင်အောက်ခြေကို အသဲထိတ်ဖွယ် တွေ့မြင်ရမှာပါ။ တောင်ပေါ်တွင် တစ်နေရာမှ တစ်နေရာသို့ ကျဉ်းမြောင်းသော လမ်းကူးများမှ ဖြတ်သွားရပါတယ်။

ဇလုံတောင်ကို ဘုရားပွင့်မည့် သလွန်တောင်တော် ဟု ခေါ်ခဲ့ပြီး နောင်တွင် ဒေသခံများက ဇလုံမှောက် ထားသည်နှင့်တူ၍ ဇလုံတောင် ဟု ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ လွန်ခဲ့သော နှစ် ၈ဝ ခန့်က မြေပုံပေါ်တွင်လည်း သလွန်တောင် ဟုသာ ဖော်ပြထား သည်ကို တွေ့ရပါတယ်။ ထို့ပြင် ထိုဒေသတွင် နေထိုင်ကြသည့် ရှမ်းနီလူမျိုးများရဲ့ ရှေးစကားအရ တောင်ပုံစံဟာ ဆင်တစ်ကောင်ရဲ့ ခေါင်း၊ကိုယ်တွေနဲ့ တူလို့ ရှမ်းလို စန်လုံး(ဆင်ကြီး) လို့ ခေါ်ရာကမှ ဇလုံ ဆိုပြီး ဆင်းသက်လာတယ်လို့လဲ ဆိုတတ်ကြပါတယ်။

မှတ်သားခဲ့ရသည့် ဇလုံတောင်ဘုရားသမိုင်းသည် မြတ်စွာဘုရားရှင် ဝါတော်(၂ဝ)အရ မဟာသက္ကရာဇ် (၁၂၃)ခုနှစ်၌ သိကြားမင်း ဖန်ဆင်းအပ်သော နတ်ပန်းရထားဖြင့် ရဟန္ဓာ (၅ဝဝ)ခြံရံပြီး ဇလုံ တောင်တော်သို့ ကြွလာခဲ့ကာ ၇ ရက်သီတင်းသုံးခဲ့ပါတယ်။ တောင်ပေါ်မှ ဧရာပထနတ်နဂါးသားအဖ လှူဒါန်းသော ဆွမ်းကို အလှူခံကာ သီတင်းသုံးပြီး နောင်ဘုရားပွင့်ပြီး တရားဦးဟောမည့် တောင်ဖြစ်ကြောင်း ဗျာဒိတ်ပေးခဲ့ပါတယ်။ ထိုကြောင့်ပင် နောက်ပိုင်း ရဟန္တာအရှင်သူမြတ်များ အဆက်ဆက် ထိုတောင်ပေါ်သို့ လာရောက်ကာ သာသနာပြုခဲ့ကြကြောင်း ဆိုကြပါတယ်။ ယခုအချိန်တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမျှော်ကြပါတယ်။

ယခုအခါ ဇလုံတောင်တော်တွင် စေတီပုထိုးများ ၊ဘုန်းတော်ကြီးကျောင်းများ ၊ ဓမ္မာရုံများ ၊ ခရီးသွားများ အိပ်စက်အနားယူရန် ဇရပ်များ ၊ စားသောက်ဆိုင်တန်းများဖြင့် ဖွံ့ဖြိုးစည်ကားလာနေပါပြီ။ တယ်ပင်ပြန့်စခန်းမှနေ၍ တောင်တက် ၊ တောင်ဆင်ကားများဖြင့် သွားလာနိုင်နေပြီး ဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရမှနေ၍ ခရီးသွားနေရာတစ်နေရာအဖြစ် ဖော်ထုတ်နေပါပြီ။

ဇလုံတောင် ဘုရားပွဲကိုနှစ်စဉ် သင်္ကြန်အပြီး တစ်ပတ်လုံး ကျင်းပပါတယ်။ သင်္ကြန်ကာလမှ စတင်၍ ရပ်ဝေးရပ်နီး ဘုရားဖူးများ ခြေကျင်၊ ကား၊ ထော်လာဂျီ၊ ဆိုင်ကယ်များဖြင့် လာရောက်တတ်ကြပါတယ်။

ဇလုံတောင် တည်ရှိရာတောတောင်များတွင် လမ်းတစ်လျှောက်လုံးပတ် ကြီးမားသော ကညင်ပင်ကြီး များ နှင့် အလွန်ရှားပါးသော သစ်ကြီးဝါးကြီးများကို တွေ့မြင်နိုင်ပါတယ်။ ထို့ပြင်ဆေးဘက်ဝင် အပင်များလည်း များစွာရှိကြပါသေးတယ်။ အနည်းငယ်ပင်ပန်းစွာ သွားလာရပေမယ့် တွေ့မြင်ရသော တောင်ပေါ်ရှု့ခင်းများကြောင့်ပင် အမောအပန်းပြေ ခရီးတစ်ခု ဖြစ်မှာပါ။ ယခုအခါတွင်လည်း မြန်မာပြည်တွင် ကျော်ကြားလာသော ဘုရားဖူးခရီးစဉ်တစ်ခု ဖြစ်လာပါပြီ။
(ဇလုံတောင် တောင်ပေါ်သို့ ခပိမက်မက်တက်ရသည့် နေရာ)
 
Photo:Internet

(ဇလုံတောင်ပေါ်မှ တွေ့မြင်ရသော ယာဉ်ရပ်နားစခန်းနှင့် သာသနာ့အဆောက်အဦများ)
 
(ဗန်းမောက်မြို့မှ ဇလုံတောင်သို့ သွားရာ တောတောင်ဖြတ်လမ်း)
 
(ဇလုံတောင်ရောက် အမှတ်တရပါ)
ထို့ကြောင့် အထက်မြန်မာပြည်မှ ကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်ဟု တင်စားကြတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ၊ ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်ခရီးစဉ်သည် ဘုရားစေတီများကို ဖူးမျှော်ရမည် ဖြစ်သလို လှပသောသဘာဝရှု့ခင်းများ ခံစားကာ ဒေသန္တရဗဟုသုတများကိုလည်း ရရှိစေမည့်ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ တွေ့မြင်ခံစားရခဲသည့် ဘုရားဖူးခရီးစဉ်တစ်ခု ဖြစ်သည်နှင့်အညီ တစ်ခါတစ်ခေါက် အချိန်ပေးကာ အရောက်သွားသင့်ပါကြောင်း နေခရမ်းမှ တိုက်တွန်းလိုက်ပါတယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...