Tuesday, February 27, 2018

မြစ်ဆုံအလှ (သို့) ပြည်ထောင်စုရဲ့ နှလုံသား တည်ရာမြေ

မြစ်ဆုံဆိုသည်နှင့် ကချင်ပြည်နယ်ရှိ ဧရာဝတီမြစ်ကြီး၏ စတင်တဲ့ မေခ နဲ့ မလိခ မြစ်နှစ်သွယ် ပေါင်းစုံရာ နေရာဆိုတာ သိကြပါတယ်။ မြန်မာပြည်ရဲ့ အလှပဆုံး သဘာဝရှု့ခင်းများ တည်ရှိရာ နေရာတစ်နေရာအဖြစ် သိမှတ်လက်ခံထားကြသလို သူရဲ့အလှတင်မက သမိုင်းအဆက်ဆက် အလုပ်အကျွေးပြုမှုတွေ ၊ အရေးပါအရာရောက်မှုတွေ ၊ ဂုဏ်ယူစရာအချက်အလက်တွေကြောင့် မြန်မာပြည်သားများရဲ့ တန်ဖိုးထားစရာနေရာ တစ်နေရာအဖြစ် တည်ရှိနေပါတယ်။ နေခရမ်းမှ မြစ်ဆုံအလှနဲ့ စိတ်ဝင်စားဖွယ် အချက်အလက်အချို့ကို ကောက်နှုတ်တင်ပြပေးပါ့မယ်။

တကယ်တော့ ဧရာဝတီမြစ်ကြီးဟာ သမိုင်းအဆက်ဆက် မြန်မာပြည်ရဲ့ အသက်သွေးကြောလို ဖြစ်နေတာပါ။ မြန်မာပြည် မြောက်ပိုင်း ထိပ်ဖျားဘက်ကနေ တစ်ပြည်လုံးကို ဖြတ်သန်းစီးဆင်းကာ ပင်လယ်ထဲအထိ စီးဝင်နေခြင်းပါ။ ဒါကြောင့်လည်း ခေတ်အဆက်ဆက်မှာ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းနဲ့ ယဉ်ကျေးမှုများ ထွန်းကားဖြန့်ဖြူးပေးရာ ပင်မသွေးကြောကြီး တစ်ခုပါ။ ထို့ကြောင့်ပင် ထိုသွေးကြောကြီးနှင့်တူတဲ့ ဧရာဝတီမြစ်ကြီး စတင်ဖြစ်တည်ရာ နေရာဟာ မြန်မာပြည်ရဲ့ နှလုံးသားတည်ရှိရာ နေရာဟုပင် တင်စားခြင်ပါတယ်။
 
Photo : Internet
မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်ရဲ့ သဘာဝရေခဲတောင်များ ၊ သဘာဝတောတောင်များရဲ့ စိမ့်စမ်းရေများဟာ မေခ ၊ မလိခ မြစ်နှစ်သွယ်အဖြစ် စီးဆင်းလာပြီး မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် (၂၈) မိုင်အကွာမှာ ဧရာဝတီမြစ်အဖြစ် ပေါင်းစုံစီးဆင်းခဲ့ပါတယ်။ မြစ်ကြီးနားမြို့မှသွားရင် တစ်နာရီလောက်သာ မောင်းရပြီး လမ်းကလည်း ကောင်းပါတယ်။ လမ်းတစ်လျောက် ကချင်တောင်တန်းများနဲ့ ရှု့ခင်းတွေကို အားပါးတရကြည့်ရင်းသွားရတာ စိတ်ချမ်းမြေ့စေပါတယ်။


ဧရာဝတီမြစ်ဟာ လွန်ခဲ့သောနှစ်၎ - ၅သန်းခန့်ကပင် စတင်ဖြစ်ပေါ်လာတယ်ဟု ဆိုကြပါတယ်။ ဧရာဝတီမြစ်ဟာ မြန်မာပြည်မှာပင် မြစ်ဖျားခံပြီး မြောက်မှ တောင်သို့ စီးဆင်းကာ မြန်မာ့ပိုင်နက်ပသ်လယ်တွင်းသို့ စီးဆင်းနေတဲ့ မြန်မာပြည်ပေါက်မြစ်ကြီးတစ်စင်းပေါ့။ ဒါကြောင့်လည်း ပြည်တွင်းဖြစ် မြစ်ကြီးများမှာ အရှည်ဆုံး ၊ အကြီးဆုံးနဲ့ အရေးအပါဆုံး မြစ်ကြီးတစ်စင်း ဖြစ်ပါတယ်။

ဧရာဝတီမြစ်ကြီးရဲ့ အရှည်ကတော့ (၁၃၇၃ မိုင်) (၂၂၁၀ ကီလိုမီတာ) ရှိပါတယ်။ ဒါကတော့ WIKI Website မှာရေးထားတာပါ။ စာထဲမှာသင်ရတာတော့ (၁၂၃၈ မိုင်)ပါတဲ့။ တိုင်းတာမှုသဘောကွဲလွဲနေတာ နေမှာပါ။ ဘယ်လိုဖြစ်ဖြစ် ဒီမြစ်ကြီးကတော့ ၆ ရာစုလောက်ကတည်းက ကုန်စည်ကူးသန်းရောင်းဝယ်ရာမှာ အရေးပါတဲ့ မြစ်ဖြစ်ကြောင်း မှတ်တမ်းများက ဆိုကြပါတယ်။

လမ်းတစ်လျောက်ရှု့ခင်းများကို ကြည့်ရင်း စိတ်ချမ်းမြေ့နေစဉ်မှာ တွေ့လိုက်ရတာက မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းဆိုင်းဘုတ်ပါပဲ။ ဒီကိစ္စကြောင့် မြန်မာတစ်ပြည်လုံး ဆူညံစေခဲ့တာ ပြန်ပြောင်းသတိရမိပါတယ်။ အခုအထိလည်း ရင်မအေးရသေး။ ဘာတွေဆက်ဖြစ်ကြမလဲမသိ။ ကြည်လင်နေတဲ့စိတ်လေးက အနည်းငယ် နောက်ကျိသွားတာ အမှန်ပါ။

စိတ်ထဲ နောက်ကျိသွားရမှုက ခဏပါပဲ။ လမ်းတစ်နေရာ တောင်ကုန်းအမြင့်ကနေ တောင်ခြေချိုင့်ဝှမ်းမှာ စီဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးရဲ့ အလှကို တွေ့မြင်လိုက်ရတာ အလွန်စိတ်ပျော်ရွှင်စေပါတယ်။ သဲသောင်ဖွေးဖွေးများ ၊ မြစ်ကြောင်းတစ်လျောက် ကျောက်ဆောင်များ ၊ တငြိမ့်ငြိမ့် စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးက လှပခန့်ညားလိုက်တာ။ စီးဆင်းနေပုံက အိန္ဒြရေ ရရ။ အမြင့်က မြင်ရတဲ့ ရှု့ခင်းအလှက တကယ် တသက်မမေ့စရာပါ။ ဒါတောင် မြစ်ဆုံကို မရောက်သေး။ ဒီနေရာလေးက ဗြူးပွိုင့်လိုဖြစ်နေပြီး အလှဓာတ်ပုံ ဆင်းရိုက်ကြသူတွေ မနည်းပါ။

ဆက်လက်ထွက်ခွာလာတော့ မြစ်ဆုံဆိုင်းဘုတ်နဲ့ မြစ်ဆုံစေတီကို ဖူးမြင်ရပါတယ်။ ကားပါကင် နေရာရှိ ဆိုင်တန်းတွေက မြစ်ဆုံကို အပေါ်စီးကနေ ကြည့်လို့ရတဲ့ တကယ့်နေရာကောင်းပေါ့။ အနည်းငယ် မြင့်တဲ့ ကုန်းမြင့်ပေါ်ကနေ ဟိုအောက်မှာ ရှိတဲ့ မေခ ၊ မလိခ ၊ မြစ်ဆုံ ၊ ဧရာဝတီမြစ်ကြီးတို့ကို တစ်နေရာတည်းက မြင်နိုင်တယ်လေ။ ကောင်းကင်ပြာပြာကြီးရဲ့အောက်က လှပစိမ်းစိုနေတဲ့ ကချင်တောင်တန်းတွေ ၊ မြစ်ဆုံ မြစ်ပြင်ကျယ်ရယ် ၊ ကျောက်စရစ်စီခင်းထားသလို ဖြစ်နေတဲ့ သောင်ပြင်ရယ် ၊ ဒီဘက်က သဲဖြူဖြူသောင်ပြင်ရယ်၊ ရေလယ်နဲ့ မြစ်ကမ်းတစ်လျောက် ကျောက်တုံးကျောက်ဆောင်တွေရယ် ၊ အလှတွေစုဝေး ကြည့်မ၀နိုင် ဖြစ်ရပါတယ်။

မြစ်ဆုံအလှကိုကြည့်ပြီးလို့ သဘာဝကိုကြည့်ဖို့ကတော့ အောက်ခြေ သောင်ပြင်ကို ဆင်းကြရပါတယ်။ မြစ်ကမ်းသောင်ပြင်မှာလည်း ဆိုင်တန်းတွေနဲ့ အမှတ်တရပစ္စည်းဆိုင်တွေ ရှိနေပါတယ်။ ဒီဆိုင်တန်းတွေမှာ မိန်းကလေးတွေအတွက် ကချင်ရိုးရာဝတ်စုံတွေ ငွေ ၃၀၀၀နဲ့ ဌားဝတ်နိုင်တယ်လေ။ ကချင်ဝတ်စုံနဲ့ ချက်ခြင်း ကချင်မလေးတွေ ဖြစ်သွားတာလည်း မနည်းပါဘူး။ မြစ်ကမ်းပြင်က တော်တော်ကျယ်ပါတယ်။ မိုးအခါဆိုရင်တော့ ရေပြည့်နေမှာပေါ့။ အခုတော့ ရေပြင်ရောက်အောင် တော်တော်လျောက်ယူရပါတယ်။ ကမ်းတစ်လျောက် အရွယ်အစားအမျိုးမျိုး ကျောက်စရစ်ခဲတွေကြီးပါပဲ။ ကျောက်စရစ်ခဲတွေက တော်တော်လည်းကြီးကြပါတယ်။ တစ်ချို့ဆို လူတစ်ယောက် မမနိုင်လောက်ပေ။ အရွယ်အမျိုးမျိုး ၊ အရောင်အမျိုးမျိုး ၊ ပုံစံအမျိုးမျိုးနဲ့ တည်ရှိနေပုံက လှပနေပြန်ပါတယ်။

မြစ်ဆုံရဲ့ ရေက ကြည်လင်အေးမြနေပါတယ်။ မြစ်ရေက ကြည်နေတော့ မြစ်ကြမ်းပြင်က ကျောက်စရစ်တုံးများကို အတိုင်းသား မြင်နေရပါတယ်။ မြစ်ကမ်းဘက်ကတော့ တိမ်ပါတယ်။ မြစ်အလယ်လောက်မှာတော့ ရေစီးသန်နေတာ တွေ့ရပါတယ်။ ဘယ်လိ-ညာခ လို့ဆိုပါတယ်။ မြစ်ဆုံမှာ ဘယ်ဘက်ကနေ စီးဆင်းတာက မလိခဖြစ်ပြီး ညာဘက်ကနေ စီးဆင်းလာတာကတော့ မေခပေါ့။
ကြည့်ရသလောက်ကတော့ မေခက ရေစီးပိုသန်နေပါတယ်။ မြစ်နှစ်ခုဆုံရာမှာတော့ ၀ဲလေးတွေ တွေ့ရပါတယ်။ မြစ်နှစ်ခုဆုံပြီးနောက် ဧရာဝတီမြစ် ဖြစ်သွားချိန်မှာတော့ ရေစီးတာက တည်တည်ငြိမ်ငြိမ်ပါပဲ။ မြစ်လည်း ပိုကြီးသွားတာပေါ့။ မြစ်ဆုံကမ်းစပ်မှာ အပျော်စီးမော်တော်များ ဌားပြီး မြစ်အလှကို လှည့်ကြည့်နိုင်ပါသေးတယ်။

မြစ်ကမ်းတစ်လျောက် ကျောက်စရစ်သောင်ပြင်ကြီးမှာတော့ အလှဓာတ်ပုံရိုက်သူများနဲ့ အမှတ်တရ ကျောက်တုံးလေးများ ကောက်သူများကတော့ အများအပြားပါ။ စိမ်းစိုနေတဲ့ ကချင်တောင်တန်း အလှတွေကလည်း ရှု့မ၀စေပါ။ ရေစပ်စပ် ကျောက်စရစ်ခဲများပေါ်ရပ်ရင်း ဖြတ်သန်းစီးဆင်းသွာတဲ့ ခံစားရမှုကလည်း ကြည်နူးပျော်ရွှင်စရာပါ။

ဧရာဝတီမြစ်ကြီးဟာ သမိုင်းတလျောက် ကုန်စည်ကူးသန်းရောင်းဝယ်ရာတွင်သာမက ယဉ်ကျေးမှု ထွန်းကား ဖြန့်ဖြူးရာ ပင်မအသက်သွေးကြောကြီးပါ။ မြန်မာရယ်လို့ စတင်ဖြစ်တည်လာကတည်းက အဓိက မြို့ရွာကြီးများဟာ ဧရာဝတီမြစ်ကမ်းနဲ့ အနီးအနားမှာ တည်ဆောက်ခဲ့ကြပါတယ်။ ခေတ်အဆက်ဆက် ဘုရင်များရဲ့ နန်းစိုက်ရာ မြို့ကြီးတွေပင်မက မြို့ရွာအများအပြားလည်း ဒီမြစ်ကြီး တစ်လျောက် တည်ရှိခဲ့တာပါ။ ဒါကြောင့်ပင် နိုင်းမြစ်ယဉ်ကျေးမှု ၊ မြစ်ဝါမြစ် ယဉ်ကျေးမှု ဟုခေါ်တွင်တဲ့ အဓိကနေရာဌာနတွေလိုပဲ မြန်မာပြည်အတွက် ဧရာဝတီ ယဉ်ကျေးမှုဟု ခေါ်ဆိုရပါမယ်။ တကယ်တော့ ဧရာဝတီဆိုတဲ့ စကားဟာ သင်္သကရိုက် ဘာသာစကားမှ ဆင်းသက်လာပြီး ဆင် မြစ် လို့ အဓိပ္ပါယ်ရတယ်လို့ ဆိုပါတယ်။

ထို့ပြင် ဧရာဝတီမြစ်ကြီးတွင် ရှားပါးလှသည့် ရေချိုလင်းပိုင်များဖြစ်သည့် ဧရာဝတီလင်းပိုင်များ နေထိုင်ကျက်စားကြပါတယ်။ ဒါပေမယ့် နောက်ပိုင်း လူသားများရဲ့ ပယောဂကြောင့် တဖြည်းဖြည်းရှားပါးလာပြီး မျိုးသုန်းမပျောက်ကွယ်ရအောင် ထိန်းသိမ်းနေကြရပါတယ်။ ဘာပဲပြောပြော မြစ်ဆုံကြီးကတော့ သူ့အောက်က ဒဏ်ရာဒဏ်ချက်တွေကိုမသိ။ သူကတော့ စီးဆင်းမြဲ ၊ လှပနေစဲပါ။ ဒါပေမယ့် သူ့အလှကရော ဘယ်လောက်ကြာအောင် ခံမလဲ။ သူကိုယ်တိုင်ကတော့ ကိုယ့်ဒဏ်ရာ လူမသိရအောင် ဟန်တင်းပြုံးနေရသလို ခံစားမိပါတယ်။ ဒီလောက် သမိုင်းအဆက်ဆက် ကျေးဇူးပြုခဲ့တဲ့ မြစ်ကြီး ၊ သူ့အလှတွေ ညှိုးရော်ပျက်စီးရမှာ တွေးကြည့်ယုံနဲ့ ရင်ထဲမချိ။

မြစ်ကမ်းနဖူးမှာ တည်ရှိနေတဲ့ မြစ်ဆုံစေတီကတော့ ကြည်ညိုသပ္ပါယ်စရာပါ။ လူမှာ အသက်သွေးကြောများ အရေးကြီးသလို ၊ ထိုသွေးကြောများကို ထောက်ပို့ပေးတဲ့ အဓိကပင်မအရာဟာ နှလုံးဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြီးဟာ ယခုအချိန်အထိ မြန်မာပြည်ရဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေး တင်သာမက စိုက်ပျိုးမွေးမြူရေးအတွက် အဓိက အသုံးပြုနေရသော ပင်မအသက်သွေးကြောကြီးပါ။ ထို့ကြောင့်ပင် ဧရာဝတီမြစ်ကြီးကို ခေတ်အဆက်ဆက် အနုပညာရှင်များက အမည်အမျိုးမျိုးပေးကာ မိခင်ဧရာဝတီဟု တင်စားခဲ့ကြပါတယ်။ ဒီမြစ်ကြီး ထာဝစဉ်ရှင်သန်စေဖို့ အဓိက နှလုံးသားတည်ရာ မြစ်ဆုံအလှများ မပျောက်မပျက် တည်ရှိနေပါစေကြောင်း ဆုတောင်းမိပါတယ်။
မြစ်ဆုံမှ ပတ်ဝန်းကျင် တောင်တန်းများ
 
ဒီမြစ်ဆုံနေရာကနေ စတင်စီးဆင်းသွားတဲ့ ဧရာဝတီမြစ်ကြီးဟာ ကမ္ဘာ့အရှည်ဆုံး မြစ်ကြီးများစာရင်းမှာ အဆင့် (၅၅) ဖြစ်ပါတယ်။ ပြီးတော့ ဧရာဝတီမြစ်ကြီးသည် ကမ္ဘာ့အလှဆုံး မြစ်ကြီါ်များစာရင်းတွင် တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ရှည်လျားသော မြစ်ကြောင်းတစ်လျောက် သဘာဝအလှအပ အမျိုးမျိုး နှင့် ရှားပါးသော ရေနေသတ္တ၀ါများပါ တည်ရှိနေပါသည်။ နာမည်ကျော် ဧရာဝတီလင်းပိုင်းများလည်း တည်ရှိနေပြီး ကမ္ဘာကျော် နေ၀င်ချိန်မြစ်ပြင်အလှများကိုလည်း ခံစားနိုင်တဲ့ ကမ္ဘာကျော် မြစ်ကြီးတစ်စင်းပါ။

မြစ်ဆုံမှ ပတ်ဝန်းကျင် တောင်တန်းများ

မြစ်ဆုံးမှ စေတီတော်ကို ဖူးမျှော်ရပုံ
 
မြစ်ဆုံရှိ အထိမ်းအမှတ် ကျောက်တိုင်တစ်ခု
 
မြစ်ဆုံသို့ သွားရာလမ်း
 


ကြည်လင်အေးမြနေတဲ့ မြစ်ကြမ်းပြင်ကျောက်စရစ်တုံးများပေါ်မှာထိုင်ပြီး တွေးမိတာတွေက ဟိုရောက်ဒီရောက်။ ငယ်ငယ်ကတည်းက ရောက်ဖူးခြင်တဲ့ မြစ်ဆုံကို ရောက်ခဲ့ရလို့ ပီတိဖြစ်ရသလို ၊ နောက်တစ်ကြိမ် ရောက်နိုင်ပါတော့မလား။ ရောက်ရင်ရော ဒီလိုအလှတွေ ခံစားရပါတော့မလားဟု တွေးမိပြန်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ ခေတ်အဆက်ဆက် လူသားတွေ ပြောင်းလဲပျောက်ကွယ် သွားကြပေမယ့် မြစ်ဆုံနဲ့ ဧရာဝတီမြစ်ကြီးကတော့ မပြောင်းမလဲ လှပစွာ တည်ရှိနေပြီး အလုပ်အကျွေးပြုနေတုံးပါ။ ကိုယ်တွေမရှိတော့ချိန်မှာလည်း နောင်မျိုးဆက်တွေအတွက် ဒီအလှအပတွေ ချန်ခဲ့နိုင်ပါ့မလား။ ကြည်လင်အေးမြနေတဲ့ မြစ်ပြင်ကြီးကတော့ ငိုညည်းသံလို ၊ မပီဝိုးတ၀ါး ရေရွတ်နေတာ ကြားယောင်မိပါတယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...