Sunday, April 29, 2018

လူတချို့ ဘယ်သန် ဘာကြောင့်ဖြစ်ရတာလဲ


လူအများစုကတော့ ညာသန်တွေပါ။ မြန်မာတွေအမြင်မှာဆိုရင် ဘယ်သန်တွေကို သိပ်မကြိုက်ကြဘူး။ မိန်းမ ဘယ်သုံး အိမ်ထောင်ပြုန်းလို့တောင် စကားရှိတယ် မို့လား။ ဒါကလည်း ညာသန်အများစုရှိတဲ့ လူသားကမ္ဘာမှာ ထူးခြားပြီး ပြောင်းပြန် ဖြစ်နေလို့လား။ တကယ်ပဲ မကောင်းလို့လား မပြောတတ်ပေမယ့် ရှေးစကားအဖြစ်တော့ ရှိနေတာပါ။ အခုတော့ ဘယ်သန်တွေအကြောင်း သိပ္ပံနည်းကျကျ လေ့လာချက်တွေလုပ်လာပြီး သိလာ ရပါတယ်။ နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ။

သိရသလောက် ဘယ်သန်တွေက ညာသန်သမားတွေထက်စာရင် ဖန်တီးနိုင်မှု စွမ်းရည်ရော ရည်မှန်းချက် မြင့်မားထားရှိ ကြိုးစားမှုပါ အားကောင်းတယ်လို့ ဆိုပါတယ်။ စာရေးသူငယ်စဉ်က ကြည့်ဖူးတဲ့ လက်ဝှေ့ပွဲတွေမှာ ဆိုရင် ဘယ်သန်လက်ဝှေ့သမားတွေက ထိုးသတ်ဟန်နည်းနည်းဆန်းပြီး ပြိုင်ဖက်ကို အသာစီးရတာ အခု ထိအောင် မှတ်မိနေပါသေးတယ်။ ပြီးတော့ ဘောလုံးမှာဆိုရင်လည်း ဘယ်ခြေနဲ့ ကောင်းကောင်း ကန်နိုင်သူ တွေက အခုထိအောင် ဆရာကျနေတာဆိုတော့ အခုသိလာရတဲ့ ဘယ်သန်တွေက ပိုတော်တယ်ဆိုတာ လက်ခံရမလိုပါပဲ။
ခန့်မှန်းချက်အရတော့ ကမ္ဘာမှာ ဘယ်သန်အရေအတွက်က လူဦးရေရဲ့ ၁၀ ကနေ ၁၂ ရာခိုင်နှုန်း လောက်ထိအောင်ပဲ ရှိတယ်လို့ဆိုပါတယ်။ ကျနော့်အထင်တော့ ပြည်တွင်းမှာ ဘယ်သန်ဦးရေက အဲဒီလောက်တောင် မရှိလောက်ပါဘူး။ အများစုက ညာသန်တွေပါ။ လူ ၁၀၀ မှာ ဘယ်သန် ၁၀ ယောက် လောက်နှုန်း ပြည်တွင်းမှာ မရှိလောက်ပါဘူး။ အများစုက ညာသန်တွေပါ။

ကောင်းပါပြီ။ ဒါနဲ့ လူတွေဘာကြောင့် ညာမသန်ပဲ ဘယ်ဘက် သန်စွမ်းကြပါသလဲ။ eLife ဆိုတဲ့ ဂျာနယ်မှာ အဆိုပါအကြောင်းကို ဆောင်းပါး ဖော်ပြထားတာ တွေ့ရပါတယ်။ သိပ္ပံနည်းကျကျ လေ့လားထားပြီးမှ အခု ဆောင်းပါးကို ရေးသားဖော်ပြထားတယ်လို့လည်း သိရပါတယ်။

အရင်က သိထားရတော့ ဘယ်သန်ရတဲ့ အကြောင်းရင်းက ဦးနှောက်ဆိုင်ရာ မျိုးဗီဇလိုက်မှုအရ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုတော့ Ruhr-Universitat Bochum က(ဂျာမနီနိုင်ငံ၊ ဘိုချန်မြို့က ရာ့တက္ကသိုလ်) ပညာရှင်တွေရဲ့ လေ့လာချက်အသစ်အရတော့ ကျောရိုးမကြီးအတွင်းက ပင်မအာရုံကြောက ဘယ်သန်လား ညာသန်လား ခွဲခြားပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

အခု လေ့လာချက်အတွက် ဂျာမနီပညာရှင်တွေဟာ ကိုယ်ဝန် ၈ ပတ်ကနေ ၁၂ ပတ်အတွင်း သက်တမ်းရှိ မိခင်လောင်းတွေကို သန္ဓေသားရဲ့ အာရုံကြောဖြစ်တည်မှုစနစ်ကို စောင့်ကြည့်ဖို့ အကူအညီတောင်း လေ့လာထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီမှာ သူတို့တွေ့ရှိလာတာက Motor Cortex ဆိုတဲ့အပိုင်းပါ။ သူက ကျောရိုးမအတွင်းမှာရှိတဲ့ ပင်မအာရုံခံကြောနဲ့ ခြေ၊လက် လှုပ်ရှားမှုအတွက် ထိန်းချုပ်တဲ့အကြောနှစ်ခုအကြား ချိတ်ဆက်စနစ်ဖြစ်ပြီး ကိုယ်ဝန် သက်တမ်း ၁၅ ပတ်နဲ့ နောက်ပိုင်းမှာမှ အဆိုပါ Motor Cortex နဲ့ ပင်မ အာရုံခံစနစ် ချိတ်ဆက်မှု ရှိလာတယ်လို့ ဆိုပါတယ်။

ကလေး တယောက်ဟာ ကိုယ်ဝန် သက်တမ်း ၈ ပတ် အကြာမှာ ဘယ်သန် ဖြစ်မလား၊ ညာသန် ဖြစ်မလား ဆိုတာ သိလာနိုင်ပြီဖြစ်ပြီး Motor Cortex နဲ့ ပင်မ အာရုံခံကြောမကြီး ချိတ်ဆက်မှုအပေါ် မူတည်လို့ ဘယ်သန်၊ ညာသန် ကွဲသွားတာလို့ ဆိုပါတယ်။ ဒါဆိုရင်တော့ အရင်ကသိထားတဲ့ ဦးနှောက်ကြောင့် ဘယ်သန်၊ ညာသန် ကွဲပြားမှုမဟုတ်ဘဲ ပင်မကျောရိုး အာရုံကြောမကြီးကြောင့် ဘယ်သန်၊ ညာသန် ကွဲပြားမှုရှိစေတာပါ။

ဒါဆိုရင်တော့ ဘယ်သန် ဖြစ်ရတာကို ဂုဏ်ယူလိုက်ပါ။ ကျောရိုး အာရုံခံကြောမကြီး အားကောင်းသူတွေ၊ သန္ဓေသား ဘဝမှာကတည်းက အာရုံကြောစနစ် အားကောင်းသူတွေပဲ ဘယ်သန်ဖြစ်နိုင်ပါတယ်။ အခုလို သိပ္ပံနည်းကျကျတွေ့ရှိချက်အရ သင့်အနေနဲ့ ဘယ်သန်အဖြစ် မွေးဖွားလာဖို့တော့ ပြောင်းလဲပြင်ဆင်လို့ မရပေမယ့် မျိုးဗီဇအတွင်း ထူးခြားတဲ့ ဗီဇပါရှိသူအနေနဲ့ကတော့ ဘယ်သန်အဖြစ် မွေးဖွားလာမှာပဲဖြစ်ပါတယ်။

www.rd.com တွင် ဖော်ပြထားတဲ့ The real reasons why some people are left-handed according to science ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
မူရင်း : ဧရာဝတီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...