Saturday, May 19, 2018

သမုဒ္ဒရာရေများ ဖြစ်ပေါ်လာပုံ

ပင်လယ်၊ သမုဒ္ဒရာ ရေများဟာ လွန်ခဲ့သော နှစ်ပေါင်း ၃.၈ ဘီလီယံ လောက်က စ ပြီး ဖြစ်ပေါ်လာတယ်လို့ သိပ္ပံပညာရှင်များ ခန့်မှန်းသုံးသပ်ကြပါတယ်။

ကမ္ဘာကြီးဟာ.. စ ဖြစ်တည်စမှာ သိပ်ကို ပူပြင်းတဲ့ ကျောက်လုံးကြီး တစ်ခုပါပဲ။ နေ နဲ့ နီးကပ်တဲ့ အတွင်းဂြိုဟ်တစ်လုံးဖြစ်တဲ့အတွက်.. နေ အနီးနားမှာ လွင့်နေတဲ့ ကျောက်စိုင်ကျောက်သားများရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံခဲ့ရပါတယ်။ နောက်ပြီး.. သိုင်ယာဆိုတဲ့ ဂြိုဟ်သိမ်တစ်လုံးက ဝင်တိုက်ပြီး.. လ ဖြစ်ပေါ်ကာ ကမ္ဘာကလည်း တိမ်းစောင်းသွားပါတယ်။ (လ အကြောင်းဆောင်းပါးမှာ ရေးထားပါတယ်။)

ကမ္ဘာတိမ်းစောင်းသွားပြီး.. ဥက္ကာခဲတွေ ကျရောက်မှု အနည်းငယ် သက်သာသွားချိန်မှာတော့ အပူချိန်ဟာ တဖြည်းဖြည်းချင်း လျော့ကျ လာပါတော့တယ်။ အဲ့ဒီ့အပူချိန်ဟာ ရေဆူမှတ် (၁၀၀ ဒီဂရီ စင်တီဂရိတ် (သို့) ၂၁၂ ဒီဂရီ ဖာရင်ဟိုက်) အောက်သို့ ရောက်လာတဲ့အခါမှာတော့... “degassing” လို့ခေါ်တဲ့ ဓါတ်ငွေ့များ ပေါင်းစပ် အရည်ပျော်ပြီး မိုးအဖြစ် ရွာချပါတော့တယ်။


မီးတောင်များမှ ကာဗွန်ပါသော ဓါတ်ငွေ့များ၊ ကျောက်ရည်ပူများမှ ရေခိုးရေငွေ့များဟာ အေးလာသည်နှင့်အမျှ ရေခိုးရေငွေ့ မှ ရေအဖြစ်သို့ ပြောင်းလဲကာ ရာစုနှစ်များစွာ မိုးအဖြစ် ရွာသွန်းခဲ့ပါတယ်။ အဆိုပါ မိုးရေများဟာ.. ကမ္ဘာ့ရဲ့ အနိမ့်ပိုင်းနေရာများသို့ တိုးဝင်စီးဆင်းသွားပြီး.. ပင်လယ်၊ သမုဒ္ဒရာ၊ မြစ်၊ ချောင်း၊အင်း၊ အိုင် တို့ ဖြစ်လာရပါတယ်။ ကမ္ဘာ့ဆွဲအားကြောင့် ရေများ လွတ်ထွက်မသွားပဲ ကမ္ဘာနှင့်အတူ လိုက်ပါ လှည့်ပတ် စီးဆင်းပါတယ်။

ပင်လယ်ထဲသို့ စီးဝင်တဲ့ မြစ် များဟာ မြေပြင်ပေါ်မှ ဆားဓါတ် (ပျော်ဝင် ကာဗွန်ဒိုင်အောက်ဆိုဒ်) ပါဝင်တဲ့ ကျောက်သားများကို တိုက်ချ စီးဆင်းသွားခြင်းမှ ပင်လယ်၊ သမုဒ္ဒရာ ရေငန် ကို ရရှိပါတယ်။ အဆိုပါရေများဟာ ရေငွေ့ပျံပြီး ကုန်းတွင်းပိုင်းမှာ မိုး အဖြစ် ပြန်လည်ရွာသွန်းခြင်းဖြင့်.. ရေချို မြစ်၊ ချောင်း၊ ကန် များကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ (အငွေ့ပျံခြင်း နဲ့ ပေါင်းခံခြင်း အကြောင်းကို ဆဌမတန်း သိပ္ပံမှာ သင်ကြားရပါတယ်။)

ပင်လယ်ရေငွေ့မှ ဖြစ်ပေါ်သော (တနည်း) ပျော်ဝင်ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်သော ရေမှ ဖြစ်ပေါ်တဲ့ မိုးများမှာ အက်ဆစ်ဓါတ် (ကာဗွန်နစ် အက်ဆစ်) အနည်းငယ် ပါဝင်ပါတယ်။
ကိုးကား ။ NOAA (National Oceanic and Atmospheric Administration)
အနာဂတ် ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...