Sunday, August 5, 2018

တိမ်မရှိသော...ဂြိုဟ်ကမ္ဘာ

မိုးတိမ်မရှိသော ဂြိုဟ်ဟာ ဘယ်လိုများ ဖြစ်နေလိမ့်မလဲ..?

အာကာသပညာရှင် ပရော်ဖက်ဆာ နီကိုလေး နီကိုလောဗ် (Prof. Nikolay Niklov) ဦးဆောင်တဲ့ အာကာသ ပညာရှင်များဟာ ချီလီနိုင်ငံက တောင်တန်းတစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ ကြီးမားသော တယ်လီစကုတ်ကြီးကို အသုံးပြုပြီး.. ရှာဖွေတွေ့ရှိမှုအသစ်တစ်ခုကို ဖော်ထုတ်လိုက်ပါတယ်..။ အဲဒါကတော့... မိုးသားတိမ်တိုက်တွေ လုံးဝ မရှိတဲ့ နေအဖွဲ့အစည်းပြင်ပက ဂြိုဟ်ကြီးတစ်ခုပါပဲ...

WASP-96b လို့ အမည်ပေးထားတဲ့ ဒီဂြိုဟ်ကြီးဟာ ကမ္ဘာမှ အလင်းနှစ် ၉၈၀ ခန့် ကွာဝေးတဲ့ WASP-96 ကြယ်ကို လှည့်ပါတ်နေတဲ့ ဂြိုဟ်ကြီး တစ်လုံးဖြစ်ပါတယ်။ ဂျူပီတာဂြိုဟ်ထက် ၂၀ ရာခိုင်နှုန်းလောက် ပိုမိုကြီးမားပြီး မျက်နှာပြင် အပူချိန်ကတော့ ၁၀၀၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် လောက်ရှိပါတယ်။ ပူပြင်းလှတဲ့ ဂြိုဟ်တစ်ခုလို့ ဆိုနိုင်ပါတယ်။


ဒီလို ဝေးလွန်းလှတဲ့ ဂြိုဟ်ကို တယ်လီစကုတ်ကြီးနဲ့ လှမ်းမြင်ရတာတော့ မဟုတ်ပါဘူး။ WASP-96 ကြယ်ရဲ့ ရောင်စဉ်ကိုကြည့်ပြီး ပြောင်းလဲမှုကို ဘားဂရပ်များနဲ့ တိုင်းတာရတာပါ။ ပုံမှန်အားဖြင့်.. ဂြိုဟ်တစ်ခုဟာ မိခင်ကြယ်ရဲ့ ရှေ့ကဖြတ်သွားလျှင် ကြယ်ရဲ့အလင်းကို ပိတ်သလိုဖြစ်သွားပြီး ရောင်စဉ်ဘားရပ်မှာလည်း နိမ့်ဆင်းသွားတတ်ပါတယ်။ (ပုံ)

ယခုတွေ့ရှိတဲ့ ဂြိုဟ်ကြီးကျတော့.. မိုးတိမ်မရှိတဲ့အတွက်.. အလင်းပိတ်ဆို့မှုဟာ ထင်သလောက် ခရီးမပေါက်သလို.. ဂြိုဟ်ရဲ့ မျက်နှာပြင်ကနေ ဆိုဒီယမ် Na (ဆားဓါတ်) ကိုလည်း သိသိသာသာ တိုင်းတာရရှိခဲ့ပြန်ပါတယ်။ ဆိုဒီယမ် ဟာ စကြဝဠာထဲမှာ သတ္တမမြောက် အတွေ့အများဆုံး ဒြပ်စင်ဖြစ်ပြီး.. မိုးတိမ်မရှိတဲ့ (တနည်း) မိုးသားအနှောက်အယှက်မရှိတဲ့ ဒီဂြိုဟ်ကြီးမှာတော့... ဆိုဒီယမ် ဂရပ်ဟာ ပြဿဒ် ထိပ်ဖျားလို ချွန်တက် မြင့်မားလို့နေတာဖြစ်ပါတယ်။ (နောက်ဆုံးပုံကိုကြည့်ပါ။)


ဒီလို ဘားဂရပ်များကို ငယ်စဉ်ကတည်းက ကျောင်းစာသင်ခန်းတွေမှာ ရင်းနှီးနေအောင် အခြေခံကစပြီး သင်ကြားကြရပါတယ်။ ကျနော်တို့ နိုင်ငံမှာလည်း နောင်ပြင်လာမယ့် သင်ရိုးသစ်များမှာ ဘားဂရပ်များကို သေချာစွာ သင်ပေးခြင်းဖြင့် ၂၁ ရာစု နည်းပညာခေတ်မှာ ရှင်သန်နိုင်သော မျိုဆက်သစ်လေးများ ပေါ်ထွန်းလညမှာ မလွဲဧကံပဲ ဖြစ်ပါတော့တယ်...။
အနာဂတ်ပညာရေးအတွက်..
မူရင်းရေးသားသူ။    ။သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...