Sunday, August 5, 2018

ကြယ်ရောင်စဉ်များ


ညဘက်ကောင်းကင်က ကြယ်တွေကို ကြည့်တဲ့အခါ ရုတ်တရက်ကြည့်လိုက်လျှင် အားလုံးက ဖြူနေသလို သင်တွေ့ရှိမှာပါ။ တကယ်တမ်း သေချာစွာလေ့လာကြည့်တဲ့အခါ ကြယ်အရောင်များ တခုနှင့် တခု မတူညီတာကို သတိထားမိလာပါလိမ့်မယ်။ ဥပမာ။ ။ မောင်ရင်ဆိုင်းထမ်းကြယ်ရဲ့ တဘက်ခြမ်းက Betelgeuse (ဘီတယ်ဂျူ့စ်) လို့ခေါ်တဲ့ နန်းဦးပြင်းကြယ်ဟာ အနီရောင်ဖြစ်နေပြီး အခြားတစ်ဘက်က Regal (ရီဂယ်) လို့ခေါ်တဲ့ ခွန်ဆန်လော ကြယ်ကတော့ အပြာရောင်ဖြစ်နေတာကို တွေ့ရှိရပါလိမ့်မယ်။

ကြယ်ရဲ့ အရောင်ဟာ သူ့ရဲ့အပူချိန်ကိုဖော်ပြပါတယ်။ မျက်နှာပြင် အပူချိန်နည်းတဲ့ ကြယ်များဟာ အနီရောင်ဘက် သန်းပြီး.. အပူချိန်များလျှင်တော့ အဖြူရောင်မှ အပြာဘက်အထိ ရှိတတ်ပါတယ်။ အခြေခံရောင်စဉ်ကိုတော့ အပူချိန် များရာမှ နည်းရာသို့ O B A F G K M ဆိုပြီး အဆင့်ခွဲခြားသတ်မှတ်ထားတာရှိပါတယ်။ (ပုံ ၂)


အပြာရောင်ဟာ "O" အမျိုးအစားကြယ်ဖြစ်ပြီး အပူချိန် ၃၀၀၀၀K (Kelvin temperature) ကျော် ရှိပါတယ်။ ကျနော်တို့ နေထက် ဒြပ်ထု ၁၅ ဆ မှ အဆ ၉၀ အထိ ရှိပါတယ်။ အလင်းအားဟာလည်း အကောင်းဆုံး (အတောက်ပဆုံး) ဖြစ်ပါတယ်။

အပြာရောင်ကနေ အဖြူရောင်ဘက် နည်းနည်းရောလာပြီဆိုလျှင်တော့ "B" အမျိုးအစား ကြယ်လို့ သတ်မှတ်ပြီး ဒီ့ထက့်ပို ဖြူသရောင် ဖြစ်လာလျှင်တော့ "A" အမျိုးအစား ကြယ်လို့ သတ်မှတ်ပါတယ်။ ညကောင်းကင်မှာ အလင်းဆုံးကြယ်ဖြစ်တဲ့ ဆီးရီးယပ်စ် (Sirius) ကြယ်ဟာ အဖြူဘက်သန်းတဲ့ "A" အမျိုးအစား ကြယ်ဖြစ်ပါတယ်။ အပူချိန် ၇၅၀၀K မှ ၁၀၀၀၀K ထိရှိပါတယ်။

လုံးဝ အဖြူရောင်အစင်းရှိတဲ့ ကြယ်များဟာ အပူချိန် ၆၁၀၀ မှ ၇၅၀၀ K ရှိပြီး သူတို့ကို "F" အမျိုးအစားကြယ်လို့ သတ်မှတ်ပါတယ်။

ကျနော်တို့ "နေ" ကတော့ အဝါရောင်အစင်းရှိတဲ့ ကြယ်တစ်လုံးဖြစ်ပြီး မျက်နှာပြင်အပူချိန် ၅၀၀၀ မှ ၆၀၀၀ K ကြား (5778K) ရှိပါတယ်။ "G" အမျိုးအစား ကြယ်လို့ သတ်မှတ်ပါတယ်။ သူ့အနောက်မှာတော့ လိမ္မော်ရောင်သန်းတဲ့ "K" အမျိုးအစားကြယ် ရှိပြီး.. နောက်ဆုံးအမျိုးအစားကတော့ အနီရောင်ရှိတဲ့ "M" အမျိုးအစား ကြယ်ပဲဖြစ်ပါတယ်။

ကြယ်ရဲ့ အရောင်နဲ့ အပူချိန်တို့ကို သိပ္ပံနည်းကျ ခွဲခြားသိမြင်ခြင်းဟာ ကျနော်တို့ နေ အပါအဝင် နဂါးငွေ့တန်း ဂလက်ဆီအတွင်းက ကြယ်များအကြောင်း သိရှိရုံသာမက.. အခြား အခြားသော ဂလက်ဆီများရဲ့ အရောင်ကိုကြည့်ပြီး သူတို့မှာ အများဆုံး ပါဝင်ဖွဲ့စည်းထားတဲ့ ကြယ်များ နဲ့ အပူချိန်ကို ခန့်မှန်းတွက်ချက်နိုင်လာပါတယ်။
အနာဂတ်ပညာရေးအတွက်..
မူရင်းရေးသားသူ:သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...