Sunday, August 5, 2018

အင်္ဂါဂြိုဟ်ပေါ်မှ ရှာဖွေတွေ့ရှိမှု အသစ်


၂၀၁၈ ဇွန်လ ၈ ရက်
အင်္ဂါဂြိုဟ်ပေါ်မှာ ရောက်ရှိနေတဲ့ နာဆာရဲ့ ကျူရီရော့စတီ အာကာသယာဉ်မှ အင်္ဂါဂြိုဟ်တွင် သက်ရှိများ နေထိုင်ခဲ့တဲ့ (သို့မဟုတ်) သက်ရှိများ နေထိုင်လို့ရမယ့် (တနည်း) ရှိနေနိုင်မယ့်... တွေ့ရှိချက် အသစ်တစ်ခုကို ဖော်ထုတ်လိုက်ပါပြီ..။ အဲ့ဒါကတော့.... ကာဗွန်၊ ဟိုက်ဒရိုဂျင် ပါဝင်တဲ့.. အော်ဂဲနစ် မော်လီကျူးတစ်ခုပဲ ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်နားက နှစ်ပေါင်း ၃ ဘီလီယံ သက်တမ်းရှိတဲ့ အနည်ကျကျောက် (ရွှံ့ကျောက်) ကနေ တူးဖော် ရှာဖွေတွေ့ရှိခဲ့တာပါ..။

ဒီကျောက်သားထဲမှာ.. ကာဗွန်၊ ဟိုက်ဒရိုဂျင် အဓိကပါဝင်ပြီး.. အောက်ဆီဂျင် (နှင့်) နိုက်ထရိုဂျင် ပါဝင်နိုင်တဲ့  အတွက်..သက်ရှိဖြစ်တည်မှ ထုတ်လို့ရတယ် ဆိုပေမဲ့လည်း အခြားသော အကြောင်းရင်းများမှလည်း ဒီဒြပ်စင်များကို ရရှိနိုင်သေးသမို့.. ရာနှုန်းပြည့် သက်ရှိရှိဖူးတယ် (သို့) ရှိနေတယ်လို့တော့ ကောက်ချက်မဆွဲနိုင်သေးပါဘူး။ ဒါပေမယ့်လည်း... ဆက်လက်လေ့လာလျှင် သက်ရှိတွေကို တွေ့နိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည်လေးတော့ သန်းလာပါပြီ။


နောက်ပြီး အင်္ဂါဂြိုဟ်ပေါ်မှာ ရာသီအလိုက် ပြောင်းလဲဖြစ်ပေါ်နေတဲ့ မီသိန်း ဓါတ်ငွေ့များလည်း ရှိနေပါသေးတယ်။ အင်္ဂါဂြိုဟ်နှစ် ၃ နှစ် (ကမ္ဘာနှစ် ၆ နှစ်လောက်) လေ့လာကြည့်တဲ့အခါ နွေရာသီမှာ လေထုထဲ မီသိန်းဓါတ်ငွေ့တွေ့ရှိမှု မြင့်မားပြီး၊ ဆောင်းတွင်းဘက်မှာ ကျဆင်းတတ်တာကို သတိပြုမိခဲ့ပါတယ်။ (ပုံ) ဒါကတော့ ကျူရီရော့စတီယာဉ်မှာ ပါဝင်တဲ့ SAM (Curiosity Sample Analysis at Mars) ဆိုတဲ့ စက်နဲ့ တိုင်းတာခဲ့တာဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်ရဲ့ မြေကြီးအတွင်းမှာ ရှိနေနိုင်တဲ့ ဇီဝသက်ရှိများကို ရှာဖွေဖို့ ကျူရီရော့စတီဟာ Gale Crater ဆိုတဲ့ ချိုင့်ဝှမ်းအတွင်းက မတူညီတဲ့ နေရာ (၄) ခုကနေ ရွှံ့ကျောက် (၄) ခုကို တူးဖော်စမ်းသပ်ခဲ့ပါတယ်။ အဆိုပါကျောက်တုံးကို SAM မှာပါတဲ့ အပူပေးစက်ထဲ ထည့်ပြီး အပူချိန် ၅၀၀ ဒီဂရီ ဆဲလ်စီးယပ်စ် ပေးလိုက်တဲ့အခါမှာ ထွက်လာတဲ့ ဇီဝ အော်ဂဲနစ် မော်လီကျူးများကို တိုင်းတာရရှိခဲ့တာ ဖြစ်ပါတယ်။

ယခု တွေ့ရှိချက်ဟာ....နောင်လာမယ့် Mars 2020 အပါအဝင် အင်္ဂါဂြိုဟ်ကို ဆင်းသက်မယ့် ဂြိုဟ်ဆင်းယာဉ် စီမံကိန်းများအတွက်.. အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင် (သို့) မြေကြီးအတွင်းမှာ ဇီဝ သက်ရှိများ တွေ့ရှိနိုင်မယ့် မျှော်လင့်ချက်...၊ ကမ္ဘာမဟုတ်တဲ့ အခြားဂြိုဟ်ပေါ်မှာ သက်ရှိတွေ့ရှိနိုင်မယ့် မျှော်လင့်ချက် နဲ့ စကြဝဠာကြီးအတွင်းမှာ.. ကျနော်တို့ အထီးကျန်နေတာ မဟုတ်ဖူး ဆိုတဲ့ မျှော်လင့်ချက်တွေကို ရှင်သန်စေခဲ့တာပဲ ဖြစ်ပါတော့တယ်...။
အနာဂတ်ပညာရေးအတွက်..
မူရင်း။     ။သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...