Tuesday, August 14, 2018

အာဖရိက ပျားမများ အထီးမပါဘဲ မျိုးပွားမှုများကို လုပ်ဆောင်နိုင်ဟုဆို

တောင်အာဖရိကတိုက်ရှိ ကိတ်ပျားမများသည် အထီးဖြင့် မျိုးစပ်ခြင်း မရှိဘဲ၊ သီးခြား မျိုးပွားမှုများကို ပြုလုပ်နိုင်ကြောင်း ဆွီဒင်နိုင်ငံ Uppsala တက္ကသိုလ်မှ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်ကို Reuters သတင်းတွင် ဖော်ပြထားသည်။
 ကိတ်ပျားမများသည် အခြားပျား မျိုးစိတ်များနှင့်မတူ အထီးများနှင့် ဆက်ဆံခြင်း မရှိဘဲ မျိုးပွားနိုင်သည် ဆိုခြင်းမှာ ထူးဆန်းသော တွေ့ရှိချက်တစ်ခုဖြစ်ပြီး အနာဂတ်အတွက် ဆက်လက်လေ့လာ ဆန်းစစ်စရာများ ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

Cape ပျားမများနှင့် လုပ်သားပျားမ များသည် ဥများကို ပျားထီးများ၏ အကူအညီ မပါဘဲ သီးခြား ဥချနိုင်စွမ်း ရှိကြောင်း၊ ထိုပျားမများသည် သီးခြား DNA ဖြင့် ရပ်တည်နိုင် စွမ်းရှိခြင်းမှာ ထူးဆန်းကြောင်း၊ ပညာရှင်များ အနေနှင့် အဘယ်ကြောင့် ပျားမများ သီးခြား မျိုးပွားနိုင်စွမ်း ရှိကြောင်းကို လေ့လာ ဆန်းစစ်နေဆဲဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်။

Uppsala တက္ကသိုလ်မှ သုတေသီ မက်သရူး ဝက်ဘ်စတားက တောင်အာဖရိက ပျားမများသည့် အဘယ်ကြောင့် အထီးများ၏ အထောက်အကူကို မယူဘဲ သီးခြားမျိုးပွားနိုင်သည်ဆိုခြင်းမှာ လျှို့ဝှက်ချက်ကြီး တစ်ခုဖြစ်နေသေးကြောင်း၊ သို့သော် ယင်းတို့၏ မျိုးစိတ်များ ကို လေ့လာဆန်းစစ်နေပြီဖြစ်သောကြောင့် မကြာမီ အဖြေရှာပေးနိုင်မည်ဟု ယူဆရကြောင်း Reuters တွင် ရေးသားထားသည်။

တိရစ္ဆာန်မျိုးစိတ်များသည် အထီးနှင့်အမ မျိုးစပ်မှသာ မျိုးပွားခြင်းကို ပြုလုပ်နိုင်ပြီး ကိတ်ပျားမျိုးများက ယင်းအယူအဆကို ပြောင်းလဲလိုက်ခြင်းမှာ စိတ်ဝင်စားစရာ တွေ့ရှိမှုတစ်ခုဖြစ်သည်ဟု ယင်းကဆိုသည်။

ထိုပျားမများသည် အခြားပျားအုံများသို့လည်း ကျူးကျော်ဝင်ရောက်ပြီး မျိုးဥများကို ချလေ့ရှိကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းကို လူမှုရေး ကပ်ပါးစနစ်ဟုခေါ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

အထီးဗီဇမပါဘဲ ဥများပေါက်ပွားနိုင်ခြင်းသည် ဇီဝဖြစ်စဉ်တစ်ခုလုံးကို မျိုးစိတ်များဖြင့် မည်သို့ ထိန်းချုပ်နိုင်မည် ဆိုသည့် ပဏာမ လေ့လာတွေ့ရှိချက်ဖြစ်ကြောင်း၊ ဇီဝပညာရှင်များအနေနှင့် အထီးနှင့်အမ ပေါင်းစပ်ခြင်း မရှိသော မျိုးစိတ်သစ်ကို ဖော်ထုတ်နိုင်မည်ဟု ယူဆရကြောင်း မက်သရူးက ပြောကြားသည်။
voice

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...