Sunday, August 5, 2018

ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်လာသော ဥက္ကာခဲများ

၂၀၁၈ ဇွန်လ (၁) ရက် (သောကြာနေ့) ညက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဘက်မှာ ဥက္ကာခဲတစ်လုံး ပြုတ်ကျခဲ့ပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ အချို့သူများလည်း မြင်တွေ့ခဲ့ကြပါတယ်။ ဥက္ကာခဲ ရှာဖွေတဲ့ အဖွဲ့ကတော့ ယူနန်ပြည်နယ်က ရွာတစ်ချို့မှာ ဥက္ကာခဲ အပိုင်းအစတွေကို ဇွန်လ (၂) ရက်နေ့မှာ ရှာဖွေနိုင်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံ ဥပဒေအရ အဆိုပါ ကောင်းကင်မှ ကျလာတဲ့ အရာဝထ္ထုဟာ နိုင်ငံပိုင်ဖြစ်ပြီး ကောက်ယူရရှိသူများကိုလည်း ထိုက်ထိုက်တန်တန် ဆုချီးမြှင့်လေ့ရှိပါတယ်။

ဥက္ကာခဲတွေဟာ အာကာသအတွင်းမှာ ရွေ့လျားတည်ရှိနေကြတဲ့ ဂြိုဟ်ပဲ့ များဖြစ်ပါတယ်။ နေအဖွဲ့အစည်းအတွင်းက အင်္ဂါဂြိုဟ် (မားစ်) နဲ့ ကြာသပတေးဂြိုဟ် (ဂျူပီတာ) အကြားမှာ အရွယ်အစားစုံတဲ့ ဂြိုဟ်ပဲ့များဟာ ခါးပတ်ကွင်းတစ်ခုလို ပိုင်းခြားထားပြီး နေ ကို လှည့်ပတ်နေတာဖြစ်ပါတယ်။ ဂျုပီတာဂြိုဟ်ရဲ့ ကြီးမားတဲ့ ဆွဲအားနှောင့်ယှက်မှုကြောင့် ဂြိုဟ်တစ်ခုအသွင် မရောက်ရှိပဲ ဂြိုဟ်သိမ် ဂြိုဟ်ပဲ့များ အဖြစ်သာ တည်ရှိနေကြပြီး.. ဂျူပီတာက ပြန်ဆွဲထားလို့သာ နေ ဘက်ကို လွတ်ထွက်မသွားတာ ဖြစ်ပါတယ်။ (ပုံ)

ဒါပေမယ့်လည်း.. ဂြိုဟ်သိမ် ဂြိုဟ်ပဲ့များဟာ များပြားလွန်းတဲ့အတွက်.. အချို့သော ဂြိုဟ်ပဲ့များဟာ လွတ်ထွက်လာကြပြီး ဆွဲအားကြီးမားတဲ့ နေ ရှိရာဘက်ကို ရောက်ရှိလာကြပါတယ်။ အဲ့ဒီ့ လမ်းကြောင်းမှာတော့.. ကမ္ဘာ အပါအဝင် အတွင်းဂြိုဟ်များဖြစ်ကြတဲ့ မာကျူရီ၊ ဗီးနပ်စ် နဲ့ မားစ် ဂြိုဟ်တို့ ရှိနေတဲ့အတွက် လွတ်ထွက်လာတဲ့ အဆိုပါ ဥက္ကာခဲများနဲ့ မကြာခဏဆိုသလို ဝင်တိုက်မိတတ်ကြပါတယ်။


ကမ္ဘာပေါ်ကို ကျရောက်လာတဲ့ ဥက္ကာခဲများကတော့.. ကမ္ဘာ့လေထုရဲ့ ပွတ်အား ကြောင့် လောင်ကျွမ်းတောက်လောင်ပြီး အများစုကတော့ လေထုထဲမှာပဲ ပျက်စီးသွားတတ်သလို.. မျက်နှာပြင်ဧရိယာ ပိုများတဲ့ ရေထု (ပင်လယ်၊ သမုဒ္ဒရာ) ထဲကို ကျဆင်းသွားကြတာ ပိုများပါတယ်။ အရွယ်အစား အသင့်အတင့်ရှိပြီး.. မြေပြင်ပေါ် ကျလျှင်တော့ အဆောက်အဦး တိုက်တာ အိမ်ခြေများကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အရွယ်အစား သိပ်ကြီးမားလျှင်တော့.. ကမ္ဘာပေါ်က သက်ရှိသတ္တဝါတွေ မျိုးသုန်းပျောက်ကွယ်လောက်သည်အထိ အန္တရာယ် ကြီးမားပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း ၆၅ သန်းက ဒိုင်နိုစောတွေ မျိုးသုန်းသွားစေခဲ့တဲ့ ဥက္ကာခဲဟာ ၁၀ ကီလိုမီတာ (၆ မိုင်) လောက် ရှိခဲ့ပါတယ်။ အဲ့ဒီ့နောက်ပိုင်းတော့.. ကြီးကြီးမားမား ဥက္ကာခဲတွေ ကျရောက်ခြင်း မရှိခဲ့ပါ။ နောင်လာမယ့် သက္ကရာဇ် ၂၁၃၅ ခုနှစ်မှာတော့ မီတာ ၅၀၀ (၀.၃ မိုင်) အချင်းရှိ ဘန်နျူး (Bennu) လို့ အမည်ပေးထားတဲ့ ဂြိုဟ်သိမ်တစ်ခုကတော့ ကမ္ဘာနဲ့ တိုက်မိ (ပွတ်မိ) နိုင်ချေရှိလို့ ကမ္ဘာမှ လက်ရှိ အာကာသယာဉ် တစ်စင်းလွှတ်ပြီး လေ့လာနေပါတယ်။


လက်ရှိအချိန်မှာတော့.. အန္တရာယ် သိပ်မရှိတဲ့ ဥက္ကာခဲငယ်များသာ ကမ္ဘာပေါ်ကို နှစ်စဉ် ကျရောက်နေတာပဲ ဖြစ်ပါတော့တယ်..။ ပြီးခဲ့တဲ့ ဇွန်လ (၂) ရက်နေ့ကလည်း တောင်အာဖရိကနိုင်ငံပေါ်ကို 2018 LA အမည်ရှိ ဥက္ကာခဲတစ်လုံး ကျဆင်းခဲ့ပါသေးတယ်။
အနာဂတ်ပညာရေးအတွက်..
မူရင်း။     ။သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...