စပိန်နိုင်ငံ Alicante မှ lbi မြို့လေးတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် Els Enfarinats ပွဲတော်သည် မြို့သူမြို့သားအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလေ့ ရှိကြပါသည်။ ထိုပွဲတော်တွင် အဖွဲ့နှစ်ဖွဲ့ခွဲကာ ဂျုံမှုန့်များ၊ ကြက်ဥများ၊ ရောင်စုံအမှုန့်များ၊ ဗျောက်အိုးနှင့် မီးပန်းများသုံးကာ တစ်နေ့လုံး ပျော်ရွှင်စွာ တိုက်ခိုက်ဆော့ကစားတတ်ကြပါသည်။

နှစ်စဉ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် lbi မြို့သားများသည် Els Enfarinats ပွဲတော် (သို့) Food Fight ပွဲတော်ကို ကျင်းပလေ့ရှိပါသည်။ ပွဲတော်ကျင်းပသည့်နေ့ မနက် ၈ နာရီမှစကာ အိမ်ထောင်ရှင်များ ပါဝင်သော Els Enfarinats အဖွဲ့က မြို့ကို တစ်ရက်ကြာ ထိန်းချုပ်ကြပြီး ဥပဒေအသစ် ၊ အမိန့်အသစ်များ ပြဋ္ဌာန်းကြပါသည်။ ပြဋ္ဌာန်းသော ဥပဒေများမှာ ရယ်စရာကောင်းသော ဟာသဆန်ဆန် ဥပဒေများဖြစ်ပြီး ချိုးဖောက်မနာခံသူများကို တိုက်ခိုက်ဖမ်းဆီးခြင်း ၊ ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်ကြပါသည်။

အခြား La Oposicio ဟု အမည်ပေးထားသည့် အဖွဲ့က Els Engarinats အဖွဲ့၏ ဥပဒေသစ်များကို ဆန့်ကျင်တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ထိုသို့တိုက်ခိုက်ရာတွင်လည်း တစ်ဦးနှင့်တစ်ဦး စိတ်ဆိုးမှုမရှိဘဲ ပျော်ရွှင်စွာဖြင့် ဆင်နွှဲလေ့ရှိပါသည်။

ထိုကဲ့သို့ တိုက်ခိုက်ပွဲတော်တွင် ပါဝင်သူများသည် ရှေးစစ်သည်ပုံစံများ ဝတ်ဆင်ခြင်း ၊ အခြားမိမိစိတ်ကူးရှိရာ ဝတ်စုံများကို ပုံဖော်ဝတ်ဆင်ကာ ပျော်ပျော်ရွှင်ရွှင်ကစားကြပါသည်။ မြို့တစ်မြို့လုံး ဂျုံမှုန့်များနှင့် ရောင်စုံအမှုန့်အရောင်များဖြင့် ပြည့်လျက်ရှိနေပါသည်။

ပွဲတော်ပြီးဆုံးသည့်အခါ ရရှိထားသော ဒဏ်ကြေးငွေများကို မြို့လေး၏ လူမှုရေးဆိုင်ရာ လုပ်ငန်းများအတွက် အသုံးပြုလေ့ရှိကြပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။