Friday, September 28, 2018

ကမ္ဘာ့ အန္တရာယ်အများဆုံး ပင့်ကူ (၁၂) မျိုး

ကျွန်တော်တို့ အများဆုံးတွေ့ဖူးသော ပင့်ကူများမှာ အရွယ်အစားသေးငယ်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်ရှိ ပင့်ကူမျိုးစိတ်များတွင် အရွယ်အစားကြီးမားသော ပင့်ကူကြီးများလည်း ရှိကြပါသေးတယ်။ လူအများဆုံး အကြောက်ဆုံး (သို့) အသဲအယားဆုံး တိရိစ္ဆာန်များတွင်လည်း ပင့်ကူ ပါဝင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများ အကြောက်တတ်ဆုံး အကောင်လေးများတွင် တစ်ခုအပါအ၀င်ပါ။ ပင့်ကူတစ်ကောင်ရဲ့ ပုံစံကြောင့် အသဲယားထိတ်လန့်တတ်ကြပေမယ့် ကမ္ဘာပေါ်ရှိ ပင့်ကူမျိုးစိတ်များတွင် သေစေနိုင်လောက်အောင် အဆိပ်ပြင်းသော ပင့်ကူများလည်း ရှိကြပါတယ်။ ပင့်ကူကိုက်(ရှပ်)ရင် အများဆုံး ယားယံယုံလောက်ပဲ ထင်ကြပေမယ့် သေစေနိုင်လောက်အောင် အန္တရာယ်များတဲ့ ပင့်ကူများနဲ့ ပြင်းထန်စွာ နာကျင်မှု ခံစားရစေတတ်တဲ့ ပင့်ကူ (၁၂) မျိုးကို တင်ပြပေးချင်ပါတယ်။

1. Brazilian Wandering Spider

ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး နှင့် တိုက်ခိုက်မှုအများဆုံး ပင့်ကူအဖြစ် Brazilian Wandering Spider ကိုသတ်မှတ်ထားကြပါတယ်။ အဆိပ်အပြင်းဆုံးပင့်ကူမျိုးလည်း ဖြစ်ပါတယ်။ ထိုပင်ကူတွင်
Neurotoxic အဆိပ်များစွာပိုင်ဆိုင်ပြီး တစ်ကြိမ်အကိုက်ခံရယုံဖြင့် ကြွက်သားများ ထိန်းချုပ်မှုကို မလုပ်နိုင်တော့ဘဲ အသက်ရှူရပ်ကာ သေဆုံးနိုင်ပါတယ်။ ထိုပင့်ကူကို သိပ္ပံအမည်အားဖြင့် Phoneutriaoriginates ဟုခေါ်ပါတယ်။ တောင်အာဖရိကနဲ့ဗဟိုအမေရိကမှာ တွေ့ရလေ့ရှိပါတယ်။
2. Sydney Funnel Web

သြစတြေးလျတွင် အတွေ့ရများသည့် Sydney Funnel Web ပင့်ကူများဟာလည်း ကြောက်စရာကောင်းလောက်အောင် အဆိပ်ပြင်းထန်ကြပါတယ်။ ဒါပေမယ့် အနက်ရောင်နှင့် အညိုရောင် ဟူပြီး ပင့်ကူနှစ်မျိုးရှိကာ အညိုရောင်ကတော့ အဆိပ်မရှိပါ။ အနက်ရောင် Sydney Funnel Web ပင့်ကူများကတော့ ချွန်ထက်သော အစွယ်များရှိကြပြီး အကိုက်ခံရပါက ကြွက်သားနာကျင်ခြင်း ၊ အော့အန်ခြင်း ၊ ဦးနောက်ယောင်ခြင်း စသည်တို့ဖြစ်ပေါ်ကာ မိနစ်ပိုင်းအတွင်း သေဆုံးစေတတ်ပါတယ်။ ပြင်းထန်တဲ့ atracotoxin အဆိပ်များ ပိုင်ဆိုင်ထားကြပါတယ်။  ထိုအဆိပ်ရှိပင့်ကူမျိုးများတွင် အထီးက အမထက်ပိုပြီး အဆိပ်ပြင်းပါတယ်။

3. Brown Recluse Spider

Brown Recluse ပင့်ကူများဟာ အမည်နှင့်လိုက်ဖက်စွာပင် လူသာများနဲ့ ဝေးဝေးနေတတ်ကြပါတယ်။ ဒါပေမယ့် ဒီပင့်ကူအကိုက်ခံရရင်တော့ အသားစများ ပျက်စီးကာ အပြင်အထန်နာကျင်ခြင်း ၊ ဖျားနားခြင်း တို့ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ငယ်ရွယ်သော ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ၊ ကိုယ်ခံအားနည်းသူများကတော့ သေဆုံးသည်အထိ အန္တရာယ်ပေးနိုင် ကြပါတယ်။ ဒီပင့်ကူလေးများကို ပူနွေးသောရာသီဥတုရှိသော ကမ္ဘာနေရာအနှံ့တွင် တွေ့မြင်နိုင်ကြပြီး မြောက်အမေရိကတိုက်တွင်တော့ အများဆုံး ရှိကြပါတယ်။ ထိုပင့်ကူများကို သူတို့ပုံစံကြောင့် တယောပင့်ကူဟုလည်း ခေါ်ဆိုကြပါတယ်။

4. Black Widow Spider

မုဆိုးမပင့်ကူနက်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထိုပင့်ကူများကို Australia တွင်အများဆုံး တွေ့မြင်နိုင်ကြပါတယ်။ ထိုပင့်ကူအကိုက်ခံရပါက အသားများ ပြင်ထန်စွာ ပူလောင်နာကျင်ခြင်း ၊ မူးဝေအော့အန်ခြင်း ၊ ၀မ်းဗိုက်ပိုင်းနာကျင်ခြင်း နှင့် ကြွက်တက်ခြင်းတို့ကို ခံစားရမည် ဖြစ်ပါတယ်။ ထိုပင့်ကူအဆိပ်သည် သာမာန်အားဖြင့် လူမသေစေဘူးဆိုပေမယ့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက်ကတော့ သေစေနိုင်သည်အထိ နာကျင်ခံစားကြရမှာပါ။
Widow ပင့်ကူမျိုးများတွင် Brown Widow ပင့်ကူသည်လည်း သေစေနိုင်သည်အထိ အဆိပ်ပြင်း ပင့်ကူဖြစ်ပါတယ်။ ထို့ပြင် Noble False Widow သည်လည်း နှလုံးရပ်တန့်သေစေသည်အထိ အဆိပ်ပြင်းသော ပင့်ကူတစ်မျိုး ဖြစ်ပါတယ်။

5. Six Eyed Sand Spider

အာဖရိကတိုက် တောင်ဘက်ပိုင်းရှိ သဲကန္တာရအတွင်း သဲတွေထဲမှာ ပုံးအောင်းနေတတ်တဲ့ ပင့်ကူမျိုး ဖြစ်ပါတယ်။ သူတို့ရဲ့ အရောင်ဟာ သဲတွေကြား ရောထွေးနေတတ်ပြီး တွေ့မြင်ဖို့ မလွယ်ပါ။ ပြင်းထန်တဲ့ နေရောင်ခြည်ကို ရှောင်ရှားသလို သူတို့အတွက် သားကောင်ဖြစ်သော အခြားသော တိရိစ္ဆာန်များကို ဖမ်းဆီးစားသောက်ဖို့ ထိုကဲ့သို့ ပုန်းအောင်းနေတတ်ခြင်း ဖြစ်ပါတယ်။ အကိုက်ခံရပါက သွေးကြောပေါက်ခြင်း၊ ကြွက်သားပျက်စီးခြင်းကို ဖြစ်ပေါ်စေပြီး အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်ပေးနိုင်သော ပင့်ကူမျိုး ဖြစ်ပါတယ်။

6. Redback Spider

တစ်ကိုယ်လုံး အနက်ရောင်ဖြစ်ပြီး ခန္ဓာကိုယ်နောက်ပိုင်းမှာ အနီရောင်အကွက်လေး ပါရှိပါတယ်။ သြစတေးလျမှာ တွေ့ရတတ်ပြီး Redback ပင့်ကူအကိုက်ခံရလျှင် နှလုံးခုန်မြန်စေခြင်း၊ ကြွက်တက်ခြင်း၊ ပျို့အန်ခြင်းနဲ့ ဖြေဆေး မပေးပါက သေစေနိုင်တဲ့အထိ အဆိပ်ပြင်းပါတယ်။ အထီးကတော့ အဆိပ်မရှိပါ။

7. Mouse Spider

ကြွက်ပင့်ကူဟု အမည်ရတဲ့ ပင့်ကူရဲ့ အစွယ်တွေမှာလည်း သေစေနိုင်တဲ့ အဆိပ်များ ပါရှိနေပါတယ်။ သူတို့ရဲ့ အကိုက်ခံရရင် ၀မ်းဗိုက်ပိုင်း ပြင်းထန်စွာ နာကျင်မှု ဝေဒနာကို ခံစားရပြီး အသက်သေဆုံးနိုင်ပါတယ်။

8. Fringed Ornamental Tarantula

နာမည်ကျော် Tarantula ပင့်ကူမျိုးဖြစ်ပြီး သူတို့ရဲ့ပုံစံကြောင့် အိမ်တွင် အလှမွေးတတ်တဲ့ ပင့်ကူမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပင့်ကူကလည်း သတိထားရမယ့် စာရင်းထဲမှာ ပါပါတယ်။ ဒီပင့်ကူကိုက်လို့ လူသေဆုံးသည်အထိ မဖြစ်တတ်ပေမယ့် သူတို့ရဲ့ အမွှေးများသည် ဓာတ်မတည့်သူများ ကိုင်မိထိမိလျှင် အဖုအပိန့်များ ထွက်လာတတ်ပါတယ်။ မတော်တဆကိုက်မိရင်လည်း နာကျင်မှုကို ပြင်းထန်စွာ ခံစားရမှာ ဖြစ်ပါတယ်။

9. Yellow Sac Spider

Yellow Sac ပင့်ကူများရဲ့ အဆိပ်ကတော့ သိပ်မပြင်းထန်ပေမယ့် ကမ္ဘာပေါ်တွင် ပင့်ကူကိုက်လို့ ဝေဒနာခံစားရမှုများတွင် ထိုပင့်ကူကိုက်မှုကြောင့် အများဆုံး ဖြစ်ကြရပါတယ်။ ကနေဒါ နှင့် သြစတြေးလျတွင် အများဆုံးတွေ့ကြရပါတယ်။ ၁ လက်မရဲ့ ၄ ပုံ ၁ပုံ ခန့်သာ အရွယ်အစားရှိပါတယ်။

10. Camel Spider

ကြည့်လိုက်ယုံဖြင့် ကြောက်စရာကောင်းလှတဲ့ ကုလားအုတ်ပင့်ကူတွေဟာ အရှည် ၆ လက်မကျော်အထိ ရှိတတ်တဲ့ ပင့်ကူကြီးများ ဖြစ်ကြပါတယ်။ အာဖရိကမြောက်ပိုင်း သဲကန္တာရရဲ့ သဲပြင်အောက်များတွင် ပုန်းအောင်းနေတတ်ကြပါတယ်။ အပြေးမြန်တဲ့ ပင့်ကူများ ဖြစ်ကြပြီး တစ်နာရီ ၁၀မိုင်နှုန်းလောက် ပြေးနိုင်ကြပါတယ်။ သူတို့မှာ ပြင်းထန်သော အဆိပ်မရှိကြဘဲ မာကျောသော မေးရိုးများ ရှိကြပါတယ်။ သူတို့မေးရိုးဟာ ခန္ဓာကိုယ်အရှည်ရဲ့ ၃ ပုံ ၁ ပုံခန့် ရှည်လျားကြပါတယ်။ အဆိပ်မရှိကြပေမယ့် အကိုက်ခံရရင်တော့ နာကျင်မှုကို ခံစားရမှာ အမှန်ပါ။

11. Katipo

ပုံစံထူးခြားတဲ့ Katipo ပင့်ကူလေးများဟာ နယူးဇီလန်နိုင်ငံမှာ တွေ့နိုင်ပြီး မျိုးသုဉ်းပျောက်ကွယ်ဖို့များနေတဲ့ ပင့်ကူမျိုး ဖြစ်ပါတယ်။ ဒီပင့်ကူလေးများတွင် အထီးက မကိုက်တတ်ပေမယ့် အမကတော့ ကိုက်တတ်ကြပါတယ်။ အကိုက်ခံရလျှင် ချွေးထွက်များခြင်း၊ ဖျားခြင်း၊ ဗိုက်နာခြင်း၊ အော့အန်ခြင်း စသည့် ဝေဒနာများ ခံစားကြရပြီး အသက်သေဆုံးသည်အထိတော့ မဖြစ်တတ်ကြပါ။

12. Hobo Spider

Hobo ပင့်ကူများကို မတရားနယ်ချဲ့ တတ်ကြတဲ့ ပင့်ကူများအဖြစ် သတ်မှတ်ကြပါတယ်။ ဒီပင့်ကူများမှာ ပြင်းထန်တဲ့ အဆိပ်မရှိပေမယ့် အကိုက်ခံရရင် နာကျင်မှုကို ခံစားရစေမှာပါ။ ထိုနာကျင်မှုပျောက်အောင် ရက်သတ္တပတ်အနည်းငယ်ကြာတတ်ကြပါတယ်။ မြောက်အမေရိကတိုက်တွင် အများဆုံးတွေ့ရပေမယ့် သူတို့ရဲ့ မူရင်းဒေသကတော့ ဥရောပတိုက်မှ ဖြစ်ပါတယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...