
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ပန်းရံစု (လေးထပ်ကြီး ဘုရားမှာ)ထူးဆန်းတဲ့ လိပ်ကြီး တွေ့ရှိ ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်ရလို့ ရှားပါး (မျိုးသုန်းပျောက်ကွယ်) တော့မယ့် အိန္ဒိယ ခေါင်းတို ခွံပျော့ လိပ် (Indian barrow-headed softshell turtle) အကြောင်း ရေးပေးလိုက်ပါတယ်။ ရှားပါးတိရိစ္ဆာန် ကာကွယ်နိုင်ဖို့အတွက်ပါ။

Chitra indica လို့ခေါ်တဲ့ ဒီမျိုးနွယ်လိပ်တွေဟာ တောင်အာရှ နဲ့ အရှေ့တောင် အာရှမှာသာရှိပြီး ရေချို မြစ်ချောင်းများမှာ နေထိုင်ကြပါတယ်။ အရွယ်အစား ကြီးမားပြီး.. ငါး၊ ဖား၊ ပုစွန် နဲ့ အခြားသေးငယ်တဲ့ ရေသတ္တဝါ နဲ့ အပင်အချို့ကို စားသုံးပါတယ်။ ( ဗီဒီယိုထဲမှာ ကလေးတွေ ချကျွေးတဲ့ ပေါင်မုန့်ကို မစားတာ တွေ့ရပါတယ်။) စိမ်းပုပ်ပုပ် အရောင်ရှိပြီး လည်ပင်းရဲ့ အရှေ့ပိုင်းဟာ အင်္ဂလိပ်အက္ခရာ "V” ပုံစံမျိုး ဖြစ်ပါတယ်။ ရေအောက် သဲမြေအောက်မှာ အများဆုံး နေထိုင်လေ့ရှိပြီး သူ့ရဲ့ ချွန်နေတဲ့ နှာခေါင်းလေးပဲ ဖော်ထားတတ်ပါတယ်။

ရေထဲမှာအများဆုံးနေထိုင်ကြတဲ့အတွက် သူ့ရဲ့အခွံဟာ ခပ်ပျော့ပျော့ ဖြစ်နေပါတယ်။ လိပ်မ များဟာ ဥဥတဲ့ အချိန်မှသာ ကုန်းပေါ်တက်ပြီး ဥ ကြပါတယ်။ တစ်ခါဥလျှင် ဥ ၆၀ မှ ၁၁၀ လောက်အထိ ဥတတ်ပါတယ်။ ဒါပေမယ့်လည်း ဥ နဲ့ အကောင်များကို ရောင်းချ စားသောက်ကြသူများကြောင့် ဒီမျိုးစိပ်ဟာ တဖြည်းဖြည်း ရှားပါးလာရခြင်းဖြစ်ပါတယ်။

လိပ်ဟာ တွားသွားသတ္တဝါ (Reptiles) များ ဖြစ်ကြပါတယ်။ ကျောရိုးရှိ သွေးအေးသတ္တဝါဖြစ်ပြီး လွန်ခဲ့သော နှစ် သန်းပေါင်း ၃၀၀ လောက်က Amphibians လို့ ခေါ်တဲ့ ကုန်းနေ ရေနေ သတ္တဝါကနေ ဆင့်ကဲပြောင်းလဲလာကြပါတယ်။ ကုန်းပေါ်မှာ အခွံပါတဲ့ ဥ ကို စပြီး ဥ နိုင်တဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။ သတ္တဝါတွေ အကြောင်းကိုတော့ ကျနော်တို့ ဆဌမတန်း သိပ္ပံဘာသာရပ်မှာ အသေးစိပ် အမျိုးအစား ခွဲခြားပြီး သင်ခဲ့ကြရပါတယ်။
လိပ်တစ်ကောင်ရဲ့ သက်တမ်းကတော့ ၁၀ နှစ်မှ နှစ် ၈၀ - ၁၀၀ လောက်အထိ ရှိတတ်ကြပါတယ်။
၂၁ ရာစု ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။