Wednesday, September 12, 2018

မူးယစ်ဆေးဝါး စံချိန်တင် ရှာဖွေပေးနိုင်ခဲ့လို့ မူးယစ်ဆေးဝါးဂိုဏ်းရဲ့ ဆုကြေးထုတ်ခြင်းခံရတဲ့ အနံ့ခံခွေးမလေး


ကိုလံဘီယာ ရဲတပ်ဖွဲ့ရဲ့ ခွေးမလေးဟာ ကိုကင်း ၁၀ တန် နီးပါးလောက် အနံ့ခံ ရှာဖွေဖော်ထုတ်နိုင်ခဲ့လို့ မူးယစ်ဆေးဝါးဂိုဏ်းက သူ့ခေါင်းကို ဆုကြေးငွေ ထုတ်ထားပါတယ်။ ဂျာမန်သိုးထိန်းခွေးဖြစ်တဲ့ ခွေးမလေး ဆွန်ဘရာ(အရိပ်ဟု အဓိပ္ပာယ်ရ)ဟာ ကိုလံဘီယာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့အတူ စစ်ဆင်ရေး ၃၀၀ ကျော်မှာ ပါဝင်လှုပ်ရှားခဲ့ပြီး မူးယစ်ဆေးဝါးတွေ စံချိန်တင် ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။

၆ နှစ်အရွယ်ရှိတဲ့ ခွေးမလေး ဆွန်ဘရာဟာ တာဘိုမြို့မှာ ကိုကင်း ၅.၃ တန် ရှာဖွေပေးနိုင်ခဲ့ပြီး သိပ်မကြာသေးခင်ကလည်း ကားအပိုပစ္စည်းတွေထဲမှာ လျှို့ဝှက်ထည့်သွင်းထားတဲ့ ကိုကင်း ၄ တန် ရှာဖွေဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ တာဘိုမြို့ဟာ အမေရိကတိုက်အလယ်ပိုင်းနဲ့ အမေရိကန်နိုင်ငံကို စပိဘုတ်တွေ၊ ရေငုပ်သင်္ဘောတွေနဲ့ မူးယစ်ဆေးဝါး တင်ပို့ရာနေရာတစ်ခု ဖြစ်ပါတယ်။
ကိုလံဘီယာနိုင်ငံရဲ့ အင်အားအကြီးဆုံး မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုဖြစ်တဲ့ အူရာဘီနို့စ်ဂိုဏ်းက ခွေးမလေး ဆွန်ဘရာကို သတ်ပြီး သူ့ခေါင်းကို ယူလာပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၇၀၀၀၀ ပေးမယ်လို့ ဆုကြေးငွေ ထုတ်ခဲ့ပါတယ်။ အဲဒီအတွက် ကိုလံဘီယာရဲတပ်ဖွဲ့က ခွေးမလေး ဆွန်ဘရာ အသက်အန္တရာယ် ကင်းရှင်းစေဖို့အတွက် အူရာဘီနို့စ်ဂိုဏ်းရဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်တဲ့ ဘိုဂိုတာအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။

ခွေးမလေး ဆွန်ဘရာ ဘေးအန္တရာယ် ကင်းရှင်းစေဖို့အတွက် သူ့ရဲ့အထိန်းတော် ရဲအရာရှိအပြင် အခြားလုံခြုံရေး အစောင့်အကြပ်တွေပါ ချထားပေးတယ်လို့ ကိုလံဘီယာရဲတပ်ဖွဲ့က ပြောပါတယ်။
မူရင်း။     ။Yoyarlay

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...