Thursday, September 20, 2018

ဂင်းနစ်စံချိန်ဝင်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံမှ လက်ဖြင့် ရက်လုပ်ထားသည့် ကမ္ဘာ့ အရှည်ဆုံး လည်စည်း


ကမ္ဘောဒီးယားနိုင်ငံ၏ လက်ဖြင့် ရက်လုပ်ထားသည့် လည်စည်းပုဝါ (သို့ မဟုတ်) ခမာဘာသာစကားဖြင့် krama သည် ကမ္ဘာ့ အရှည်ဆုံးလည်စည်းအဖြင့် ဇူလိုင် ၁ ရက်တွင် ဂင်းနစ်စံချိန် စာအုပ်၌ မှတ်တမ်းတင်ခံရကြောင်း သိရသည်။

အကျယ် ၈၈ စင်တီမီတာ နှင့် အလျား ၁၁၄၉.၈ မီတာရှိသော krama ကို ရက်ကန်းစင် ၂ဝ ခု ဖြင့် အချိန် ငါးလ နီးပါးယူ၍ ရက်လုပ်ခဲ့ရသည်။ ၄င်းလည်စည်းကို ဖနွမ်းပင်မြို့ ရှိ အမျိုးသားပြတိုက်ရှေ့ ၌ စီတန်းလှည့်လည်ပြသခဲ့ရာ လာရောက်ကြည့်ရှုသူများကလည်း ဝိုင်းဝန်း သယ်ဆောင်ခဲ့ကြကြောင်း သိရသည်။
“ အရှည် ၁၁၄၉.၈ မီတာနဲ့ ကမ္ဘာ့ အရှည်ဆုံး လည်စည်းအဖြစ် ဂင်းနစ်ကမ္ဘာ့ စံချိန်စာအုပ်မှာ မှတ်တမ်းဝင်သွားပြီပေါ့” ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော ဂင်းနစ်စံချိန် အကဲဖြတ်အဖွဲ့ ဝင်တစ်ဦးဖြစ်သူ Swapnil Dangarikar က ဧည့်ပရိသတ် ၂ဝ,ဝဝဝ ကျော်အား ထုတ်ဖော် ကြေညာခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတစ်ခုတည်းကသာ ကမ္ဘာ့ အရှည်ဆုံးလည်စည်းကို ဂင်းနစ်စံချိန်ချိုးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့ပြီး စံချိန်တင်ရန် လိုအပ်သော အခြေခံစည်းမျဉ်းစည်းကမ်းများမှာ လည်စည်းသည် အကျယ် ၃ဝ.၅ စင်တာမီတာ နှင့် အရှည် အနည်းဆုံး ၁ဝဝဝ မီတာ ရှိရန် လိုအပ်ကြောင်း ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် Krama (လည်စည်း) ကို အများအားဖြင့် ဝါဂွမ်းဖြင့် ပြုလုပ်ကြောင်း နှင့် ယင်းမှာ ခမာမျိုးနွယ်တို့ ၏ ယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းကို ထင်ဟပ်စေကြောင်း လည်စည်းပုဝါ ဂင်းနစ်စံချိန်ဝင်ရေး ဦးဆောင်လှုပ်ရှားသည့် GoGo ကမ္ဘောဒီးယားအဖွဲ့ မှ အကြီးအကဲဖြစ်သူ Sann Vathana က ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂ဝ၁၅ ခုနှစ်က လူအများဆုံးပါဝင်သော အုပ်စုဖွဲ့ ကပြဖျော်ဖြေခြင်းအတွက် လူပေါင်း ၂,ဝ၁၅ ဦး ဖြင့် ကမ္ဘာ့ စံချိန် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပြီး အလေးချိန် ၄.ဝ၄ တန်ရှိသော ကမ္ဘာ့ အကြီးဆုံး ရိုးရာ ဆန်ကိတ်မုန့် ဖြင့်လည်း ဂင်းနစ်စံချိန် ဝင်ခဲ့ဖူးကြောင်း သိရသည်။(Xinhua)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...