
နာမည်ကျော် WhatsApp ကနေတစ်ဆင့် မကောင်းတဲ့ စိတ်ဝိညာဉ်တွေ ပျံ့နှံ့နေတယ်လို့ သံသယရှိတာကြောင့် မက္ကဆီကိုမြို့တမြို့မှာ လူငယ်တွေကို ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။
ဒီလို ထူးထူးဆန်းဆန်းဖြစ်ရပ်ဟာ နိုင်ငံရဲ့မြောက်ပိုင်း ပါရာဂျီတိုမြို့မှာဖြစ်ခဲ့တာဖြစ်ပြီး အသက် ၁၇ နှစ်အောက် လူငယ်တွေဟာ ညနေ ၇ နာရီကနေ မနက် ၅ နာရီအတွင်း အပြင်ကိုသွားခြင်း၊ စုဝေးခြင်းတို့ကို မလုပ်နိုင်တော့ပါဘူး။
ဒီဖြစ်ရပ်တွေဟာ အခုသီတင်းပတ်အစောပိုင်းက စတင်ခဲ့တာပါ။ ပါရာဂျီတိုမြို့ဟာ ကတ်သလစ်ဘာ သာဝင်တွေစုဝေးနေထိုင်တဲ့ မြို့တမြို့ဖြစ်ပြီးတော့ သီတင်းပတ်တခု အတွင်းမှာတင် အနည်းဆုံး လူငယ် ၁၇ ဦးလောက်က တံတားပေါ်က ခုန်ချမယ်လို့ ခြိမ်းခြောက်တာ၊ ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်လုပ်တာ၊ တဆတ်ဆတ်တုန်နေတာ၊ သတိလစ်တာနဲ့ အသံတွေပြောင်းလဲသွားတာ စတဲ့ ထူးဆန်းတဲ့ အမူအကျင့်တွေ ဖြစ်ပေါ် လာခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
ဒါ့အပြင် ဒီလိုကိစ္စတွေအားလုံးဟာ WhatsApp ကနေတဆင့် ပျံ့နှံ့နေတယ်ဆိုတဲ့ ကောလာဟလတွေဟာလည်း ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ပါတယ်။
ဒါ့ကြောင့် မြို့တော်ဝန်ဖြစ်သူ ပီရတ်က လူငယ်တွေကို ဒီလိုဖြစ်ရပ်ဆန်းတွေကနေ ကာကွယ်ဖို့ အုပ်ထိန်းသူမပါဘဲ အပြင်ထွက်တာ မလုပ်ဖို့ အမိန့်ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလိုအမိန့်မျိုးကို တရားစီရင်ရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ စိတ်ရောဂါဆိုင်ရာ ပညာရှင်တွေအားလုံးနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ရတာလို့ မြို့တော်ဝန်ပီရတ်က ပြောပါတယ်။
“သတ်မှတ်ထားတဲ့ အချိန်အတွင်း အုပ်ထိန်းသူမပါဘဲ အပြင်ထွက်တာကို” တားမြစ်ထားတာကြောင့် ကလေးတွေနဲ့ ဆယ်ကျော်သက်တွေဟာ သူ့အပေါ် အမြင်မကြည်တာကို သိပေမယ့် မြို့မှာနေထိုင်တဲ့ မိဘတွေကတော့ ကျနော့်ကို ကျေးဇူးတင်နေမှာဖြစ်ပါတယ်” လို့လည်း သူက ပြောပါတယ်။
လက်ရှိထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ချိုးဖောက်မှုရှိခဲ့တယ်ဆိုရင် ချိုးဖောက်သူရဲ့ မိဘတွေက ဒဏ်ငွေပေးဆောင်ရမယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
Credit:DVB
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။