Wednesday, January 30, 2019

သမီးအတွက် သူစိမ်းအမျိုးသားကို အဖေအဖြစ် ၁၀ နှစ် ငှားရမ်းခဲ့သည့် ဂျပန်အမျိုးသမီး


အဖေမရှိတဲ့ ကလေးလို့ အနှိမ်ခံရမှာဆိုးရိမ်တဲ့ ဂျပန်နိုင်ငံက မိခင်တဦးဟာ သူ့သမီးအတွက် အဖေအဖြစ် အစားထိုးသရုပ်ဆောင်ပေးဖို့ အမျိုးသားတဦးကို ၁၀ နှစ်ကြာ အခကြေးငွေနဲ့ ငှားရမ်းခဲ့တယ်လို့ OC သတင်းဌာနမှာဖော်ပြပါတယ်။
မီဂူမီဆိုတဲ့ ကလေးမလေးဟာ သူငယ်စဉ်ဘဝကတည်းက သူ့မိဘနှစ်ပါးရဲ့ အိမ်ထောင်ရေး အကွဲအပြဲ ဇာတ်လမ်းနဲ့ ကြုံတွေ့ခဲ့ရပြီး အဲဒီအချိန်ကတည်းက သူ့ဖခင်ကို မမြင်တွေ့ရတော့ပါဘူး။
သူ့ရဲ့ငယ်ဘဝ အစောပိုင်းတုန်းက သူ့အဖေနဲ့ ပတ်သက်လို့ မေးမြန်းမှုရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီအကြောင်းကို ထပ်မဟတော့တာကြောင့် မီဂူမီအတွက် အဖေမရှိတာက သိပ်ပြသနာ မရှိဘူးလို့လည်း သူ့မိခင်အဆာကိုက ယူဆခဲ့ပါတယ်။
ဒါပေမယ့် ဒါဟာ ငယ်ဘဝအတွက်သာ ဖြစ်ပြီး မီဂူမီလေး အသက် ၁၀ နှစ်အရွယ်မှာတော့ အခြေအနေတွေက ရှုပ်ထွေးလာခဲ့ပါတယ်။
အသက် ၁၀ နှစ်အရွယ်မှာ မီဂူမီဟာ သူ့မိခင်ကို စကားမပြောတော့သလို၊ အမြဲ တမ်းတယောက်တည်းသာနေပြီး ကျောင်းလည်း မသွားတော့ပါဘူး။
ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းဟာ အဖေမရှိလို့ ကျောင်းမှာအနှိမ်ခံ၊ အနိုင်ကျင့်ခံရတာ ဖြစ်ကြောင်း သတိပြုမိသွားချိန်မှာတော့ အဆာကို တယောက်အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တခုကို ချမှတ်ခဲ့ပါတယ်။
အဲဒါကတော့ သူ့သမီးအတွက် အဖေအဖြစ် သရုပ်ဆောင်ပေးနိုင်မယ့် လူတယောက်ကို ရှာဖွေတာပါပဲ။
အဆာကိုဟာ အစားထိုးသရုပ်ဆောင်ပေးမယ့် လူတွေကို ငှားရမ်းတဲ့ အေဂျင်စီကို ဆက်သွယ်ခဲ့ပြီး သူ့သမီးအတွက် အဖေအဖြစ် သရုပ်ဆောင်ပေးဖို့ တာကာရှီဆိုတဲ့ အမျိုးသားတဦးကို ငှားရမ်းခဲ့ပါတယ်။
တာကာရှီဟာ သတို့သား၊ စီးပွားရေးလုပ်ငန်းရှင်၊ အဖေ၊ ရည်းစား စတဲ့နေရာတွေမှာ အစားထိုး သရုပ်ဆောင်မှုတွေ များစွာပြုလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိသူတဦးဖြစ်တဲ့အတွက် မီဂူမီရဲ့ အဖေတု အဖြစ် သရုပ်ဆောင်ပေးဖို့ အခက်အခဲမရှိဘဲ လက်ခံခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အဆာကိုက သူ့သမီးကို နောက်အိမ်ထောင်ကျနေတဲ့ အဖေအရင်းက ပြန်လည်ဆက်သွယ်လာကြောင်း ပြောခဲ့ပြီး သူတို့တွေ့ဆုံဖို့ကို စီစဉ်ထားကြောင်းလည်း အသိပေးခဲ့ပါတယ်။
အစပိုင်းမှာတော့ မီဂူမီလေးဟာ လုံးဝအံ့သြသင့်သွားခဲ့ပေမယ့် သူ့အဖေကို တွေ့ဖို့ သဘောတူခဲ့ပါတယ်။
အဲဒီနောက်ကစပြီး တာကာရှီဟာ တကြိမ်ကို ယန်း ၁၀၀၀၀ နှုန်းနဲ့ မီဂူမီရဲ့ အဖေအဖြစ် တလကို နှစ်ကြိမ်တွေ့ဆုံကာ သူတို့သုံးဦးဟာ ရုပ်ရှင်ကြည့်ခြင်း၊ ပန်းခြံသွားခြင်းနဲ့ မွေးနေ့ပွဲဆင်နွဲခြင်းစတာတွေကို ပုံမှန်ပြုလုပ်ခဲ့ပါတယ်။
တာကာရှီကို ပေးရတဲ့ အခကြေးငွေအတွက် အဆာကိုဟာ သူ့ရဲ့တခြားသော အသုံးစရိတ်တွေကို လျော့ချခဲ့ရပေမယ့် တာကာရှီကြောင့်ဖြစ်ပေါ်လာတဲ့ သူ့သမီးရဲ့ ပျော်ရွှင်မှုတွေကြောင့် ငွေပေးရတာ ထိုက်တန်တယ်လို့ မှတ်ယူခဲ့ပါတယ်။
ဒါဟာပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေဖြစ်ပြီး ဆယ်နှစ်အကြာမှာတော့ အခြေအနေတွေဟာ တဖြည်းဖြည်း ပိုမိုရှုပ်ထွေးလာခဲ့ပါတယ်။
တာကာရှီအနေနဲ့ သူ့ကို အဖေလို့ထင်နေတဲ့ သွေးမတော် သားမစပ်အမျိုးသမီးငယ်တဦးကို သမီးအရင်းတဦးလို ပြုမှုနေရပြီး နောက်ပိုင်းမှာ အဖေအဖြစ်သာမကာ အဖိုး တယောက်အဖြစ်ပါ ဆက်လက်သရုပ်ဆောင်လာဖို့ ရှိနေပါတယ်။
ဒါ့အပြင် မီဂူမီက အဖေအရင်းမဟုတ်ဘူးဆိုတာ သိသွားရင် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေအတွက်လည်း တာကာရှီ ဆိုးရိမ်နေပါတယ်။
ဒါ့အပြင် ကာလရှည်ပျောက်ဆုံးနေတဲ့ မီဂူမီရဲ့ အဖေအရင်းပေါ်ထွက်လာရင် ဘာတွေဆက်လုပ်မလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။
ဒါပေမယ့် အဆာကိုကတော့ “ကိုယ့်သမီးအရင်းကို လိမ်ဖို့ ပိုက်ဆံပေးနေတာဟာ ဘယ်လောက် အထိဆိုးရွားလည်း ကျမသိပါတယ်။ ဒါပေမယ့် ကိုယ့်မွေးထုတ်ထားတဲ့ ကိုယ့်သားသမီးလေး နာကျင်နေတာကို မြင်တွေ့နေရချိန်မှာ ဖြစ်ပေါ်လာတဲ့ နာကျင်ခံစားမှုကို နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။
Credit:DVB

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...