Thursday, January 2, 2020

မိုးကြိုးမုန်တိုင်းတွေ ဘာလို့ဖြစ်သလဲ

မိုးတိမ်တောင်လို့ခေါ်ကြတဲ့ မိုးကြိုးမုန်တိုင်း (Thunderstorms) များဟာ အပူချိန်ပြောင်းလဲမှု (တနည်း) အပူလွန်ကဲခြင်းကြောင့် ဖြစ်လာရတဲ့ ရသီဥတုမျိုးဖြစ်ပါတယ်။ အဲ့ဒီ့အပူကတော့ နေ က လာပါတယ်။ ယခုအချိန်မှာ ကျနော်တို့မြန်မာနိုင်ငံပါဝင်တဲ့ အီကွေတာရပ်ဝန်း (အပူပိုင်းဇုန်)ဒေသကို နေရောင်ခြည် တည့်မတ်စွာကျရောက်နေချိန်ဖြစ်ပါတယ်။
နေရောင်ခြည်မှရရှိတဲ့ အပူစွမ်းအင်ဟာ ကမ္ဘာမြေပေါ်က လေထုကို ပူနွေးစေပါတယ်။ ပူတဲ့ လေများဟာ ပွပြီးအထက်သို့တက်ပါတယ်။ အထက်မှာရှိနေတဲ့ လေများကတော့ အေးသောလေစိုင်များဖြစ်ပြီး ပူနွေးသောလေများ ဝင်ရောက်လာတဲ့အချိန်မှာတော့ လေတွေဟာရောထွေးလှုပ်ရှားလာပါတယ်။ အပူစီးကူးခြင်း (Heat convection) သဘောတရားဖြစ်ပါတယ်။

အေးတဲ့လေ (တနည်း) ရေခဲပါဝင်မှုများတဲ့ မြောက်ပြန်လေများဟာ ရုတ်တရက်ဝင်ရောက်လာတဲ့ လေပူများကြောင့် ငွေ့ရည်ဖွဲ့မှုများကာ တိမ်စိုင်တွေ ပိုမိုဖြစ်ထွန်းလာသလို..၊ ရေခဲ ရေမှုန်များ အချင်းချင်း တိုက်မိကြခြင်းမှ လျှပ်စစ်စီးကြောင်းများလည်း ပေါ်ထွက်လာပါတယ်။ တဖြည်းဖြည်းနဲ့ တိမ်တိုက်ကြီးဟာ ကြီးမားကျယ်ပြန့်လာပြီး မိုးတိမ်တောင်ကြီး ဖြစ်လာပါတော့တယ်။
မိုးတိမ်တောင်ဖြစ်စဉ်ကို အပိုင်း (၃) ပိုင်းခွဲပြီး လေ့လာနိုင်ပါတယ်။ ပထမအဆင့်ကတော့ စတင်ဖြစ်ပေါ်သောအဆင့် (Developing stage) ဖြစ်ပြီး မိုးသားတိမ်တိုက်တွေအထပ်ထပ်တက်လာကာ မိုးရွာခြင်းသိပ်မရှိပေမယ့် တခါတရံ လျှပ်စီး တချက် နှစ်ချက် လက်ခြင်းကို မြင်ရတတ်ပါတယ်။ ဒုတိယအဆင့်ကတော့ ရင့်မာလာတဲ့ အဆင့် (Mature stage) ဖြစ်ပါတယ်။ မိုသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးများပစ်ခြင်း၊ မိုးသီးကြွေခင်း၊ လေမုန်တိုင်းထန်ခြင်း၊ လေဆင်နှာမောင်းဖြစ်ခြင်း တို့ ဖြစ်တတ်ပါတယ်။
တတိယအဆင့်ကိုတော့.. dissipating stage လို့ သတ်မှတ်ပါတယ်။ မိုးကောင်းကင်မှ ရေတွေ သွန်ချလိုက်သလို နေရာအနှံအပြားမှာ မိုးရွာသွန်းပြီး သူ့ကို အပူလာပေးနေတဲ့ အောက်ကလေပူကိုပါ ငြိမ်းသတ်ပစ်လိုက်ခြင်းပါ။ မိုးရွာပြီး အေးသွားတဲ့သဘောမျိုးပေါ့။ မိုးတိတ်သွားပေမယ့် မိုးကြိုးကတော့ တခါတရံ ဆက်ပြီး ပစ်နေတတ်ပါတယ်။

တကယ်တော့.. ဒီဖြစ်စဉ်တွေအားလုံးဟာ ကျနော်တို့ ငယ်စဉ်ကတည်းက သင်ကြားဖူးခဲ့ကြတဲ့ အခြေခံ သိပ္ပံ နဲ့ ပထဝီ ဘာသာရပ်များထဲမှ အကြောင်းအရာများပဲ ဖြစ်ပါတော့တယ်...။ ထို့ကြောင့်.. အခြေခံပညာကို ကျနော်တို့ ငယ်ရွယ်စဉ်မှာ တတ်ကျွမ်းအောင် သင်ကြားကြရပါတယ်။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...