Tuesday, January 7, 2020

ချဉ်တဲ့အရာတစ်ခုကို စားလိုက်ရင် ကျွန်တော်တို့မျက်နှာတွေ ဘာလို့ ရှုံ့မဲ့သွားကြရတာလဲ

Challenge တစ်ခုလုပ်ပါမယ်။ သံပုရာသီးတစ်လုံးကိုယူ၊ ဓားနဲ့လှီးပြီး သူ့ကို ကိုက်စားလိုက်ပါ။ ဒီလိုစားနေစဉ်မှာ မျက်နှာကို ပုံမှန်အတိုင်းဖြစ်အောင် ကြိုးစားပါ။

လုပ်နိုင်ပါသလား။ ချွင်းချက်အချို့တော့ ရှိပေမယ့် အားလုံးနီးပါးကတော့ အနည်းနဲ့ အများ မျက်နှာရှုံ့မဲ့သွားမယ် ထင်ပါတယ်။ ဒီလို အသီးသေးသေးလေးက ကျွန်တော်တို့ မျက်နှာက ကြွက်သားများကို ကျွန်တော်တို့ ထိန်းထားတဲ့ကြားက ဘာလို့ အလိုလို လှုပ်ရှားစေခဲ့တာလဲ။

လက်ရှိအထိတော့ သိပ္ပံပညာရှင်များဟာ အတိအကျ မသိရှိသေးပါဘူး။ ဒါပေမယ့် ဒီလိုဖြစ်စဉ်မှာ အဓိက ပါဝင်နေတဲ့ အရာ ၃ မျိုးရှိတယ်လို့တော့ ပြောနိုင်ပါတယ်။ ပရိုတွန်များ၊ ဗိုက်တာမင် စီ နဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘေးများ သစ်ပင်များအပေါ်မှာ နေထိုင်နေစဉ်ကာလက အပူပိုင်းဒေသ သစ်သီးသစ်ဖုများကြောင့်လို့ ယူဆနိုင်ပါတယ်။

ချဉ်တယ်ဆိုတဲ့ အရသာဟာ အက်စစ်ဓာတ်နဲ့ တိုက်ရိုက်ဆက်နွယ်မှု ရှိပါတယ်။ ဒါကို ဓာတုဗေဒအသုံးအနှုန်းနဲ့ ပြောမယ်ဆိုရင် အချဉ်ဓာတ်ကို ခံစားရခြင်းဟာ ကျွန်တော်တို့ ပါးစပ်ထဲမှာ လျော့ရွဲ(loose ဖြစ်)နေတဲ့ ပရိုတွန်တွေ များစွာရှိနေပြီလို့ အရသာခံတဲ့ အာရုံကြောများက သတိပေးနေခြင်းပဲဖြစ်ပါတယ်။ ပရိုတွန်များရဲ့ အရသာဟာ ချဉ်တာမဟုတ်ဘူးဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဟာ အဲ့ဒီ ပရိုတွန်များဆိုတာဟာ ချဉ်တယ် လို့ သုံးသပ်ဖို့အတွက် မျိုးဆင့်ပြောင်းလဲ(evolve)လာခဲ့တယ်လို့ စာတမ်းအချို့က တင်ပြထားပါတယ်။

ကျွန်တော်တို့ လူသားများဟာ ရှင်သန်နိုင်ဖို့အတွက် ascorbic အက်စစ်တစ်မျိုးဖြစ်တဲ့ ဗိုက်တာမင် စီ များကို စားသုံးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ခန္ဓာအတွင်းက ဆဲလ်များနဲ့ တစ်ရှူးများ ပုံမှန်အတိုင်း အလုပ်လုပ်ဆောင်ဖို့အတွက် အဆိုပါအရာဟာ အရေးပါပါတယ်။ ဒီအရာသာမရှိရင် ကျွန်တော်တို့ဟာ scurvy လို့ ခေါ်တဲ့ ဗိုက်တာမင် စီ ချို့တဲ့ခြင်းများကို ခံစားလာရမှာဖြစ်ပြီး သေစေနိုင်တဲ့ ရောဂါများကိုပါ ဖြစ်ပေါ်စေပါတယ်။

ကျွန်တော်တို့ လူသားများအနေနဲ့ အနည်းငယ် embarrassing ဖြစ်စရာ အချက်တစ်ချက်ရှိပါတယ်။ သက်ရှိတော်တော်များများဟာ သူတို့ခန္ဓာကိုယ်တိုင်က ဗိုက်တာမင် စီ များချက်လုပ်တတ်ပေမယ့် ကျွန်တော်တို့ လူသားများကတော့ မလုပ်တတ်ပါဘူး။ ဗိုက်တာမင် စီ ချက်လုပ်တတ်တဲ့ genetic code တစ်မျိုးဟာ နို့တိုက်သတ္တဝါများမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၁ သန်းခန့်က စတင်ဖွံ့ဖြိုးလာတယ်လို့ ၂၀၁၁ ခုနှစ်က Genetica ဂျာနယ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းတစ်ခုက ဖော်ပြထားပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့(ကျွန်တော်တို့ရဲ့ ancestors များ)ဟာ ဗိုက်တာမင် စီ ကို အလိုအလျောက် ချက်လုပ်တတ်မယ့် မျိုးထွန်းခြင်း(mutation)ကို ပိုင်ဆိုင်စေမယ့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ အဆိုပါ အချိန်က သက်ရှိအများစုဟာ သာမန် အမဲလိုက်ခြင်း နဲ့ သစ်သီးသစ်ဖုများကိုသာ စားသုံးပြီး ရှင်သန်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘေးများကတော့ တစ်ချိန်မှာ ကမ္ဘာပေါ် အသိဉာဏ်အမြင့်ဆုံးသက်ရှိများ ဖြစ်လာမယ့် မျိုးစိတ်ပီပီ စားလို့ရသမျှကို ရှာဖွေစားသောက်ကြပါတယ်။ ဒီထဲမှာ tropical သစ်သီးများပါဝင်ပြီး အဆိုပါ သစ်သီးများဟာ ဗိုက်တာမင် စီ ဓာတ်(အက်ဆစ်ဓာတ်) ကြွယ်ဝတဲ့ အရာများ ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မဖြစ်မနေဖြစ်ပေါ်လာမယ့် mutation ကို လက်လွှတ်ခဲ့ရပါတယ်။

အက်စစ်ဓာတ်နဲ့ အချဉ်ဓာတ်ဆိုတာဟာ ရုတ်တရတ်ကြားလိုက်ရင်တော့ ကောင်းမွန်တဲ့ အရာများမဟုတ်ပါဘူး။ ချိုမြိန်ခြင်းဆိုတဲ့စကားမှာသာ positive လက္ခဏာပါဝင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်တော်တို့ဟာ ချဉ်၊ ငံ၊ စပ် ဆိုတဲ့ positive အဓိပ္ပာယ်မပါဝင်တဲ့ အရသာများကိုလဲ အတော်လေး ကြိုက်နှစ်သက်လာကြတာကို တွေ့ရပါတယ်။

အချဉ်ဓာတ် သို့မဟုတ် ချဉ်တဲ့ အစားအစာများဟာ ကျွန်တော်တို့ ခန္ဓာအတွက် ကောင်းမွန်တဲ့ အရာများဖြစ်တယ်ဆိုရင် သူတို့ကို စားတဲ့အချိန်မှာ ကျွန်တော်တို့ မျက်နှာတွေ ဘာကြောင့် ရှုံ့မဲ့ သွားကြရတာလဲ။ ဒီလိုမျက်နှာမျိုးဟာ တစ်စုံတစ်ခုကို ငြင်းဆန်တဲ့ rejection မျက်နှာမျိုးဖြစ်ပါတယ်။ ဒါမှမဟုတ် ကျွန်တော်တို့ ကိုယ်ကိုယ်ကို နဲ့ အခြားအရာများကို အချက်ပြတုန့်ပြန်တဲ့ signaling response များလဲ ဖြစ်နိုင်ပါတယ်လို့ Department of Nutritional Sciences at Rutgers University မှ ပရော်ဖက်ဆာ Paul Breslin က Livescience ကို ပြောကြားခဲ့ပါတယ်။

သိပ္ပံပညာရှင်များဟာ ဒီ signaling response အကြောင်းကို ပိုမိုလေ့လာနိုင်ပေမယ့် အခုချိန်အထိတော့ သေသေချာချာ မသိကြရသေးပါဘူး။ ဒါကြောင့် ဒီအချက်ဟာလဲ ရိုးရှင်းပေမယ့် မဖြေရှင်းနိုင်သေးတဲ့ သိပ္ပံပဟေဠိတစ်ခုအဖြစ် စာရင်းသွင်းရမှာပဲဖြစ်ပါတယ်။

ဒီဆောင်းပါးကိုတော့ Livescience မှာ ဖော်ပြခဲ့တာဖြစ်ပြီး စာမူအလျားအတွက် Curiosity မှ အနည်းငယ် တည်းဖြတ်ရေးသားထားပါတယ်။
မူရင်းတင်ဆက်သူ:Curiositymm.org

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...