သူငယ်ချင်းတို့အတွက် ဒီတစ်ခါ ပျော်စရာကောင်းတဲ့ ပွဲတော်တစ်ခုအကြောင်း တင်ပြပေးပါအုံးမယ်။ ဒါကတော့ စပိန်နိုင်ငံ အရှေ့ပိုင်းရှိ Buñol မြို့လေးမှ နှစ်စဉ်ကျင်းပလေ့ရှိသော ခရမ်းချဉ်သီးများနဲ့ ပစ်ပေါက်ဆော့ကစားတဲ့ ပွဲတော်အကြောင်းပါ။

Buñol မြို့လေးမှာ ထိုကဲ့သို့ ပွဲတော်ကို ၁၉၄၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တယ်လို့ ဆိုကြပါတယ်။ ရှေးနှစ်များမှာ ကလေးငယ်များ စတင်ဆော့ကစားခဲ့ကြတယ်ဟု ဆိုကြပြီး နောက်ပိုင်းနှစ်များကျမှ မြို့နေလူထုမှပါ တပျော်တပါး ပါဝင်ဆင်နွဲခဲ့ကြတာပါ။

ယခုအခါမှာတော့ မြို့၏ အထင်ကရပွဲတော်တစ်ခုအဖြစ်ရော ၊ နှစ်စဉ်ကျင်းပလေ့ရှိသော ရိုးရာပွဲတော်အနေဖြင့်ပါ မြို့ခံလူထုအပြင် နိုင်ငံတစ်ဝန်းက ပြည်သူတွေရော ၊ ကမ္ဘာလှည့် ခရီးသည်များပါ တကူးတကလာရောက် ဆင်နွဲလေ့ ရှိကြပါတယ်။

ခရမ်းချဉ်သီးများနှင့် တစ်ဦးကိုတစ်ဦး ပစ်ပေါက်ရတဲ့ အဆိုပါပွဲတော်ကို နှစ်စဉ် သြဂုတ်လရဲ့ နောက်ဆုံး ဗုဒ္ဓဟူးနေ့ရောက်တိုင်း အထင်ကရပွဲတော်အဖြစ် ကျင်းပကြပါတယ်။ လာရောက်သူများအနေဖြင့် တီရှပ်အင်္ကျီ ၊ ဘောင်းဘီတိုများ နှင့် မျက်လုံးကာ မျက်မှန်များကို တပ်ဆင် လာကြပါတယ်။

တစ်ဦးကို တစ်ဦး ခရမ်းချဉ်သီးများနဲ့ ပစ်ပေါက်ဆော့ကစားကြပေမယ့် စိတ်ဆိုးခြင်း မရှိကြဘဲ ပွဲတော်တွင် အသုံးပြုသော ခရမ်းချဉ်သီးများမှာလည်း ထရပ်ကားများဖြင့် သယ်ယူ ကြိတ်ခြေပြီးမှ ပစ်ပေါက်ဆော့ကစား ကြခြင်း ဖြစ်ပါတယ်။

နှစ်စဉ် ကမ္ဘာအရပ်ရပ်မှ လူ ၄၀၀၀၀ ကျော်လောက် ပါဝင်ဆင်နွဲလေ့ရှိကြပြီး ခရမ်းချဉ်သီးတန်ချိန် ၁၂၀ ကျော်လောက် အသုံးပြု ကစားလေ့ရှိပါတယ်။ ၂၀၁၅ ခုနှစ်တွင် ခရမ်းချဉ်သီး ၁၄၅ ၀၀၀ ကီလိုဂရမ် အသုံးပြု ကစားကြောင့် မှတ်တမ်းတင်ထားပါတယ်။ ပွဲတော်ကျင်းပတဲ့နေ့တွင်တော့ မြို့တစ်ခုလုံး အနီရောင်လွှမ်းအောင် ရဲရဲတောက်ဆင်နွဲလေ့ ရှိကြပါတယ်။

နှစ်စဉ်အဆင်အလာမပျက် ဆင်နွဲသော ပွဲတော်ဖြစ်သည်နှင့် အညီ ခရီးသွားဧည့်သည်များစွာ လာရောက်ဆင်နွဲကြသဖြင့် မြို့အတွက် ၀င်ငွေများစွာ ရရှိသော ပွဲတော်ကြီး တစ်ခုဖြစ်ပါတယ်။
Sep 13, 2012 မှ ပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ………… နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။