Saturday, March 30, 2013

အီဂျစ်နိုင်ငံ အထက်ပိုင်းတွင် ရှေးဟောင်း နေနာရီ တစ်လုံးအား ရှာဖွေ တွေ့ရှိ


ကိုင်ရို     မတ်   ၁၈
Basel တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် အဖွဲ့တစ်ဖွဲ့က အီဂျစ်နိုင်ငံ အထက်ပိုင်း ဘုရင့် တောင်ကြား၌ လေ့လာ တူးဖော်မှုတစ်ခု ပြုလုပ်နေစဉ် အတွင်း ကမ္ဘာ့ အစောဆုံး နေနာရီ တစ်လုံးကို ရှာဖွေ တွေ့ရှိ ခဲ့သည်။
သုတေသီများ ရှာဖွေ တွေ့ရှိခဲ့သော နေနာရီသည် ကမ္ဘာ့ သက်တမ်းအရင့်ဆုံး အီဂျစ် ရှေးဟောင်း နေနာရီ တစ်လုံး ဖြစ်သည်ဟု သုတေသန ပညာရှင်များက ၎င်းနေရာရှိ အုတ်ဂူတစ်လုံးအား ဝင်ရောက်၍ တူးဖော်စဉ်  အဆိုပါ နာရီအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကျောက်တုံးအိမ်များ တည်ရှိရာ မြေဧရိယာ အတွင်းမှ ရှာဖွေ တွေ့ရှိခဲ့သည့် နေနာရီသည် Ostracon ဟု ခေါ်တွင်သော ထုံးကျောက်ပြား တစ်ခုပေါ်၌ အနက်ရောင်ဖြင့် စက်ဝိုင်းခြမ်း ပုံသဏ္ဌာန် ရေးဆွဲထားပြီး စက်ဝိုင်းခြမ်းစိတ် တစ်စိတ်လျှင် ၁၅ ဒီဂရီခန့်ရှိသော စက်ဝိုင်းစိတ် ၁၂ စိတ်နှင့် အတူ ၁၆ စင်တီမီတာ အရှည် ရှိသော ရေပြင်ညီ အခြေခံမျဉ်း၏ အလယ်တွင် သစ်သား သို့မဟုတ် သတ္တုချောင်း ထည့်သွင်းရန် ချိုင့်ခွက် တစ်ခု ပါရှိသည်။
ကျောက်တုံး အိမ်များကို ဘီစီ ၁၃ ရာစုက လူသားများ နေထိုင်ရာ နေရာအဖြစ် အသုံးပြုခဲ့ကြပြီး ၎င်းတို့၏ အုတ်ဂူများ တည်ဆောက်ရာတွင် အလုပ်ချိန် နာရီများကို တိုင်းတာရန် နေနာရီများ ပြုလုပ် သုံးစွဲခဲ့ကြခြင်း ဖြစ်သည်ဟု သုတေသီများက ပြောကြား ခဲ့သည်။
ရှေးဟောင်း သုတေသန ပညာရှင်များက ဘီစီ ၃၅ဝဝ ခန့်က မျက်နှာလေးဖက်ရှိ ထိပ်ချွန် မော်ကွန်းကျောက်  တိုင်များကို အသေးဆုံး နေနာရီများအဖြစ် သတ်မှတ်ထားပြီး ရှေးဟောင်း အီဂျစ် နက္ခတ္တ ဗေဒနှင့် ဘေဘီလုံ နက္ခတ္တ ဗေဒတို့တွင် အရိပ်နာရီများကို ဘီစီ ၁၅ဝဝ ခန့်က အသုံးပြုခဲ့ကြောင်း ရှေးဟောင်း သုတေသန ဆိုင်ရာ မှတ်တမ်းများ အရ သိရသည်။
ပါမောက္ခ ဆူစန်နီဘစ်ကယ်၏ ညွှန်ကြားမှု အရ အီဂျစ် အာဏာပိုင်များက အဆိုပါ တွေ့ရှိသည့် နေနာရီကို ဘေးကင်း လုံခြုံရာသို့ ပြောင်းရွှေ့ ပေးခဲ့သည်ဟု သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...