ယူနက်စကိုမှ ကမ္ဘာဒေသအသီးသီး၏ နေရာဒေသများနှင့် သမိုင်းတန်ဖိုးကြီးမားသော
အရာဝတ္တုများကို နှစ်စဉ် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်များ (World Heritage Sites) ၊
ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်များ ( Memory of The World Register )
အဖြစ် ခွဲခြားသတ်မှတ်ကာထိမ်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြပါသည်။
အခုတင်ပြမှာကတော့ မြန်မာပြည်မှ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် နေရာ နှစ်ခုအကြောင်း
နှင့် မြန်မာပြည်တွင် မရှိပေမယ့် မြန်မာတို့နှင့်သက်ဆိုင်နေသော အရာတစ်ခုအကြောင်းပဲ ဖြစ်ပါသည်။
ကမ္ဘာ့မှတ်တမ်းအမွေအနှစ် ဆိုသည်မှာ စာကြည့်တိုက် ၊ ပြတိုက် နှင့် မော်ကွန်းတိုက်များ
ဆိုင်ရာတွင် စုဆောင်းထိမ်းသိမ်းထားသော ကျောက်စာ ၊ လက်ရေးစာ ၊ တန်ဖိုးမဖြတ်နိုင်သော
စာအုပ်စာတမ်းများ ၊ သတင်းစာ ၊ ဓာတ်ပုံ ၊ ပန်ချီကား စသည်တို့ဖြစ်ကြပါသည်။
ထိုများစွာသော ရှေးဟောင်း ပစ္စည်းများစွာထဲမှ သမိုင်းဆိုင်ရာ တန်ဖိုး အလွန်ကြီးမားသော
အရာများကို ရွေးချယ်ကာ၁၉၉၂ ခုနှစ်မှ စတင်ပြီး ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း အဖြစ်သတ်မှတ်
ခဲ့ကြပါသည်။ယခုအချိန်အထိ အမွေအနှစ်ပေါင်း ၃၅၀ ခန့်သတ်မှတ်ခဲ့ပြီး မြန်မာပြည်မှ
ကုသိုလ်တော်ဘုရားကျောက်စာ နှင့် မြစေတီကျောက်စာ များကိုပါ ထည့်သွင်းသတ်မှတ်ခဲ့ကြပါသည်။
ကုသိုလ်တော်ဘုရားကျောက်စာများ
ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးအဖြစ် နာမည်ကျော်လှသော မဟာလောကမာရဇိန်စေတီ
ကုသိုလ်တော်ဘုရား မှ ကျောက်စာများကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်ဖြစ်ရန်
၂၀၁၂ ခုနှစ်၊ မတ်လ (၃၁) ရက် နေ့က စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇွန်လတွင်
တောင်ကိုရီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သည့် အစည်း အဝေးတွင် အတည်ပြုချက် ရရှိ ခဲ့သည်။
ထိုကုသိုလ်ဘုရားကျောက်စာများမှာ ပဥ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး၏
ကောင်းမှုဖြစ်ပြီး မန္တလေးတောင်ခြေတွင် တည်ရှိပါသည်။ နှစ်ပေါင်း ၁၅၀ ကျော်သက်တမ်းရှိပြီး
ဗုဒ္ဓ ဘာသာဝင်များ အတွက် အတုမရှိ တန်ဖိုးထားအပ်သော ပိဋကတ်တော်များဖြစ်သကဲ့သို့ (၁၉)
ရာစုခေတ်မြန်မာနိုင်ငံ၏ သမိုင်းနှင့် ယဉ်းကျေးမှုကို ဖော်ပြနေပါသည်။
မန္တလေးမြို့တည် နန်းတည်ဘုရင်မင်းတုန်းမင်းကြီးသည် ၁၈၇၁ ခုနှစ်တွင်
ပဉ္စမသင်္ဂါယနာတင်မှု ပြုလုပ်ခဲ့ပြီး၊ ပိဋကတ် သုံးပုံ စာသားများကို
ကျောက်စာချပ် (၇၂၉) ချပ်တွင် ကျောက်ထက် အက္ခရာ တင်ရေးထိုးခဲ့ပြီး၊ ကျောက်စာ တစ်ချပ်ချင်း စီကို
ကျောက်စာရုံ အတွင်း ထားရှိကာ ကုသိုလ်တော်ဘုရားဝင်းအတွင်း ကျောက်စာရုံ (၇၂၉) ဆူ စိုက်ထူ
ထားခဲ့ပါသည်။
ဝိနည်း၅ကျမ်းပါဠိတော်က ချပ်ရေ……………………….၁၁၁ချပ်
အဘိဓမ္မာ၇ကျမ်းပါဠိတော်ကချပ်ရေ…………………….၂၀၈ချပ်
နိကာယ်၅ကျမ်း၊သုတ်၃ကျမ်းပါဠိတော်ကချပ်ရေ……..၄၁၀ချပ်
စသည်ဖြင့် ၇၂၉ ချပ် ရှိပါသည်။ထိုကျောက်စာများကို ကုသိုလ်တော်ဘုရားဝင်း အတွင်း၊
တံတိုင်း ၃ ဆင့် အထဲ၌ အစီအရီ စိုက်ထူးထားခြင်းဖြစ်ပါသည်။
တံတိုင်းသုံးဆင့် တံခါးသုံးထပ်မှ ရှေးဟောင်း ကျွန်းတံခါးများ
ထို့ကြောင့် ကုသိုလ်တော် ဘုရားကျောက်စာများသည် ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး အဖြစ်
ကမ္ဘာကျော်ခဲ့သလို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် မြန်မာပြည်မှ ပထမဆုံး အသိအမှတ်ပြုခံ
ရသည့် နေရာ ဌာနတစ်ခုပင် ဖြစ်ပါသည်။
မြစေတီ ကျောက်စာ
အာရပ် စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့တွင် ၂၀၁၅-ခုနှစ်၊ အောက်တိုဘာလ( ၄ ) ရက်မှ
အောက်တိုဘာလ ( ၆ ) ရက်နေ့ အထိ ကျင်းပသော ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် အစီအစဉ် တွင် ကမ္ဘာ့
အမွေအနှစ် စာရင်းဝင်ရန် လျှောက်ထားမှုပေါင်း (၈၈) ခုအနက်မှ မြစေတီကျောက်စာ နှင့်
ဟန်နိုဗာမြို့ Gottfried Wihelm Leibniz Library ရှိ အလောင်းမင်း တရားကြီး ၏ ရွှေပေလွှာ မှတ်တမ်း
အမွေအနှစ် တို့အား ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်း အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
မြစေတီကျောက်စာ ဟူသည်မှာ ကျန်စစ်သားမင်းကြီး၏ သားတော် ရာဇကုမာရ်မင်းသား၏
အလျှူမှတ်တမ်းအကြောင်း ရေးထိုးထားသော ကျောက်စာပင်ဖြစ်ပါသည်။
ထိုကျောက်စာအား သက္ကရာဇ်(၄၇၅) (အေဒီ-၁၁၁၃)ခုတွင် ရေးထိုးခဲ့ပါသည်။
ပုဂံမြို့တောင်ဘက် မြင်းကပါရွာရှိ မြစေတီ ဘုရားအနီး တွေ့ရှိခဲ့ခြင်းကို
အကြောင်းပြု၍ မြစေတီ ကျောက်စာဟု ခေါ်ဆိုခြင်းဖြစ်ပြီး တစ်ချို့ကလည်း ဂူပြောက်ကြီးကျောက်စာ
ဟုလည်းခေါ်ကြပါသည်။
အကြောင်းမှာ ရာဇကုမာရ်ကျောက်စာမှာ ကျောက်စာတိုင် နှစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး
တစ်ခုကို ဂူပျောက်ကြီး ဘုရားအတွင်းမှ သုံးပိုင်းပြတ်လျက်တွေ့ရှိရခြင်းကြောင့်ဖြစ်ပါသည်။
ကျောက်စာ တစ်ခုအားတွေ့ရှိရာ ဂူပျောက်ကြီးဘုရား
မြစေတီ ဘုရားအနီးတွေ့ရှိသော ကျောက်စာကို ယခုအခါ ပုဂံပြတိုက်တွင် ထားရှိခဲ့ပါသည်။
ပုဂံပြတိုက်ရှိ ရာဇကုမာရ်ကျောက်စာ တစ်ခု
ပုဂံပြတိုက်ရှိ ကျောက်စာတိုင်မှာ အမြင့် ၅ ပေ ၁၁ လက်မ ရှိ၍ လေးဘက် မျက်နှာပြင် အကျယ်ညီသည်။
စာမျက်နှာ အမြင့် ၃ ပေ ၆ လက်မ၊ အကျယ် ၁ ပေ ၂ လက်မ ခန့်ရှိပြီး ပါဠိဘာသာဖြင့် ၄၁ ကြောင်း၊
မြန်မာစာဖြင့် ၃၉ ကြောင်း၊ မွန်စာဖြင့် ၃၃ ကြောင်း၊ ပျူစာဖြင့် ၂၆ ကြောင်း ရေးထိုး ထားသည်။ ယင်း
ကျောက်စာတိုင်ကို အစိုးရ တွဲဖက်ကျောက်စာဝန် ပါဠိ ပါမောက္ခ ဂျာမန် ပညာရှင် ဒေါက်တာ ဖိုရှမ်းမား ဆိုသူက
စတင် ၍ မြစေတီ ခြေရင်း၌ ကပ်လျက်တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
မြစေတီ ရင်ပြင်မှ ကျောက်စာတိုက်
ယခုလက်ရှိ မြစေတီရင်ပြင်ပေါ်ရှိ ကျောက်စာတိုင်မှာမတ်ရပ် လေးထောင့် ကျောက်တိုင် ဖြစ်ပြီး ကျောက်စာ
မျက်နှာပြင် နှစ်ဘက်သည် ပိုမို ကျယ်ပြန့်သည်။ ကျန် ၂ ဘက်မှာ ကျဉ်းသည်။ အကျယ်ဘက် ၂ ဘက်သည်
၁ပေ ၈ လက်မခန့်ရှိပြီး အကျဉ်းဘက်၌ ၁၀ လက်မခွဲမှ ၁၂ လက်မ အထိရှိကြောင်း၊ အကျယ် မျက်နှာပြင်ဘက်၌
စာမျက်နှာပြင် အမြင့် ၄ ပေ ၄ လက်မခန့်ရှိပြီး ၁ ပေ ၇ လက်မခွဲ အကျယ်ရှိကြောင်း၊ ပါဠိ စာကြောင်းရေ ၄၀၊
မြန်မာစာကြောင်းရေ ၃၄ ၊ မွန် စာကြောင်းရေ ၄၆ နှင့် ပျူ စာကြောင်းရေ ၂၉ ရှိကြောင်း မြန်မာ့
စွယ်စုံကျမ်းတွင်ဖော်ပြထားပါသည်။
မွန်ဘာသာ
မြစေတီကျောက်စာသည် မွန်၊ မြန်မာ ၊ ပျူ နှင့် ပါဠိ ဘာသာ လေးမျိုးဖြင့် ရေးထိုးထားသဖြင့်
ပျူဘာသာကဲ့သို့ ရှေးဟောင်းဘာသာများကို လေ့လာရာတွင် များစွာ အကျိုးကျေးဇူးများခဲ့ရပါသည်။
ပျူ ဘာသာ
ယခင်က အဓိပ္ပါယ် မဖော်နိုင်ခဲ့သော ပျူဘာသာကို မြစေတီကျောက်စာမှ ဘာသာလေးမျိုးကို
နှိုင်းယှဉ်လေ့လာပြီး အဓိပ္ပါယ်ဖော်နိုင်ခဲ့သဖြင့် သမိုင်းတန်ဖိုး လွန်စွာ ကြီးမားပါသည်။
မြန်မာ ဘာသာ
ထို့ပြင် ထိုကျောက်စာပါ အချက်အလက်များကြောင့် ပုဂံမင်းဆက်များ၏ သက်တမ်း
ခုနှစ်များကိုလည်း မှန်ကန်အောင် သိရှိခဲ့ကြရပါသည်။
ပါဠိ ဘာသာ
ယခင်က ပုဂံခေတ်နှင့်ပတ်သက်လျှင် မြစေတီကျောက်စာကို အစောဆုံးဟု ယူဆကြသော်လည်း
မကြာသေးမီက မြစ်သားမြို့နယ်၌ စောလူး မင်း ကျောက်စာဟု ယူဆသည့် ကျောက်စာတချပ်
ထပ်မံတွေ့ရှိရသည့်အတွက် အိန္ဒိယနိုင်ငံရှိ ရှေးဟောင်း သုတေသန ဌာန (Archaeological Survey of
India)၏ အကူအညီဖြင့် စစ်ဆေးလျက် ရှိသည်။
အလောင်းမင်းတရားကြီး ၏ ရွှေပေလွှာကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်း သို့ တင်သွင်းမှု များအနက် မြန်မာဘုရင် အလောင်း ဘုရား က ဗြိတိန်
ဘုရင်ဂျော့-၂ ထံသို့ ပေးပို့ခဲ့သော ရွှေပြားပေါ်တွင် ရေးသားထားသည့် ရွှေပေလွှာကို ဂျာမနီနိုင်ငံ က ကမ္ဘာ့
မှတ်တမ်းအမွေ အနှစ်စာရင်းသို့ တင်သွင်း ခဲ့ပါသည်။ မြန်မာနိုင်ငံ ဘက်သို့ သဘောထား တောင်းခံပြီး
မြန်မာနိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့ ပူးတွဲတင်ပြခြင်း ဖြစ်ပါသည်။
အလောင်းမင်းတရားကြီး ၏ ရွှေပေလွှာ သည် အေဒီ ၁၇၅၆ ခုနှစ်တွင် အလောင်း မင်းတရားကြီး
က ဗြိတိန်ဘုရင်ဂျော့-၂ ထံသို့ ချစ်ကြည်ရေး တိုးမြှင့်ဆောင်ရွက်ရန် အတွက် အင်္ဂလိပ် ကုန်သည် အဖွဲ့အား
ဟိုင်းကြီးကျွန်းပေါ်တွင် နေထိုင်ခွင့်ပြုထားကြောင်း၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးစွာဖြင့် လွတ်လပ်သော
ပြည်ထောင် မင်းအချင်းချင်း တန်းတူညီမျှဖြင့် ပေးပို့သော သဝဏ်လွှာ ဖြစ်ပြီး ဗြိတိန်ဘုရင်ဂျော့-၂ က ၎င်း
မွေးဖွားရာ ဇာတိဖြစ်သော ဟန်နိုဗာမြို့စာကြည့်တိုက် သို့ လွဲပြောင်း ပေးခဲ့၍ ထိန်းသိမ်း ထားခဲ့ခြင်းဖြစ်ပါသည်။
ရွှေပေရွက်လွှာ မှာ အရည်အသွေး ကောင်းသော ရွှေ ကို ပါးလွှာအောင် အပြားခတ် ထားပြီး မြန်မာဘာသာဖြင့်
ကညစ်ခြစ် ရေးသားထားကာ ဆင်စွယ် ဖြင့်ပြု လုပ်ထားသော ကြုတ်အတွင်းလိပ်၍ ထည့်သွင်းထားပါသည်။
ရွှေပေရွက်လွှာ သည် အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာ ရှိပြီး အစွန်းနှစ်ဘက် ထိပ်တွင် ပတ္တမြား
(၁၂) လုံးစီ စုစုပေါင်း (၂၄)လုံး တပ်ဆင် ထားပါသည်။သဝဏ်လွှာ ၏ ထိပ်တစ်ဖက်တွင် ဘုရင့်တံဆိပ်တော်
ဟင်္သာပုံ ကို ဖောင်းကြွခတ် နှိပ်ထား ပါသည်။ရွှေပေရွက်လွှာ တွင် စာကြောင်းရေ (၁၀) ကြောင်းပါရှိသည်။
ရွှေပေရွက်လွှာ ပေးပို့သော ရက်စွဲမှာ ၁၇၅၆ ခု၊ မေလ (၇) ရက်နေ့ ဖြစ်ပါသည်။
ထို့ကြောင့် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်များ ( Memory of The World Register ) တွင်
မြန်မာနိုင်ငံတွင်းမှ နှစ်ခုနှင့် မြန်မာနိုင်ငံ နှင့် ပတ်သက်နေသော ဂျာမနီနိုင်ငံမှ တစ်ခုတို့ကို
ထည့်သွင်းသတ်မှတ် ပေးခြင်းခံခဲ့ရပါသည်။
ထို့ပြင် ယခုအခါတွင် ဗိဿနိုး ၊ သရေခေတ္တရာ နှင့် ဟန်လင်း ရှေးဟောင်းဒေသ များကိုလည်း
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများ (World Heritage Sites) အဖြစ် သတ်မှတ်ခဲ့ပါသည်။
ထိုအကြောင်းများကိုတော့ နောက်ပိုင်းမှ ဆက်လက်တင်ပြပေးပါမည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ပါစေ................................... နေခရမ်း