Monday, May 29, 2017

ချစ်သူချင်း လမ်းခွဲပြီးနောက် အမျိုးသားများက မဖြေဆည်နိုင် ပိုဖြစ်တတ်


ချစ်သူချင်း လမ်းခွဲပြီးပြီးချင်းတွင် အမျိုးသမီးများသည် အမျိုးသားများထက် ပိုမို ခံစားရတတ်သော်လည်း လမ်းခွဲသည့် ကာလ ကြာပြီးနောက်တွင်မူ အမျိုးသားများသည် ပိုပြီးမဖြေဆည်နိုင်အောင် ဖြစ်ကာ၊ ယင်းအချစ်ဒဏ်မှ မည်သည့်အခါမှ သက်သာလေ့ မရှိကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။
          လမ်းခွဲမှုနှင့် ပတ်သက်ပြီး အမျိုးသားနှင့် အမျိုးသမီးများကြား ကွာခြားချက်မှာ ဇီဝကမ္မ ဖြစ်စဉ်နှင့် သက်ဆိုင်ကြောင်း ဘင်ဟမ်တန် တက္ကသိုလ်မှ ပညာရှင် ခရေ့မောရစ်က ပြောဆိုခဲ့သည်။ ချစ်သူထားရှိရာတွင် အမျိုးသမီးများသည် အမျိုးသားများထက် ပိုမို ရင်းနှီးမြုပ်နှံရသောကြောင့် လမ်းခွဲပါက အမျိုးသမီးများမှာ ပိုမိုဆုံးရှုံး နစ်နာရတတ်ကြောင်း မောရစ်က ပြောသည်။
          အမျိုးသားများ အတွက်မူ အမျိုးသမီး တစ်ဦး၏ အချစ်ကို ရရှိစေရန် အတွက် အခြား အမျိုးသား ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရတတ်သော်လည်း၊ ယင်းကဲ့သို့ ယှဉ်ပြိုင်ရယူရခြင်းသည် အမျိုးသားများ အတွက် ဆင့်ကဲ ဖြစ်စဉ်ကဲ့သို့ ဖြစ်နေပြီ ဖြစ်သောကြောင့် လမ်းခွဲပြီးပြီးချင်းတွင် အမျိုးသားများမှာ များစွာ ထိခိုက် နာကျင်ခြင်းကို မခံစားရတတ်ကြောင်း မောရစ်ကပြောသည်။

           သို့သော် အချိန် ကြာလာသည်နှင့် အမျှ အမျိုးသားသည် နောက်ထပ် အမျိုးသမီး တစ်ဦး၏ စိတ်ဝင်စားမှုကို ခံရစေရန် ထပ်မံ ယှဉ်ပြိုင်ရခြင်းနှင့် ယင်းကဲ့သို့ ယှဉ်ပြိုင်ရခြင်း အတွက် အချိန်နှင့် ငွေကဲ့သို့ အရင်းအမြစ်များကို ထပ်မံ ရင်းနှီးမြုပ်နှံရခြင်း တို့ကို သာမက ယခင်က ဆုံးရူံးခဲ့ရသည့် အမျိုးသမီး နေရာတွင် နောက်ထပ် အစားထိုးစရာ အမျိုးသမီးကို မတွေ့နိုင်တော့ဟု ခံစားလာရခြင်း တို့ကြောင့် မဖြေဆည်နိုင် ဖြစ်ကာ တငွေ့ငွေ့ဖြင့် အလွမ်းဒဏ်ကို ခံစားရတတ်ကြောင်း ၄င်းက ရှင်းလင်း ပြောဆိုခဲ့သည်။
          လူအတော်များများသည် အသက် (၃၀) အရွယ်သို့ ရောက်ရှိချိန်တွင် အနည်းဆုံး သုံးကြိမ် ခွာပြဲဖူးတတ်ကြပြီး၊ ယင်းတို့အနက် ဆက်ဆံရေး တစ်ခုမဟုတ် တစ်ခုသည် စိတ်ပိုင်းနှင့် ရုပ်ပိုင်း အနာကျင်ရဆုံး ဖြစ်ကာ ဘ၀အရည်အသွေး ထိခိုက်မှုကိုပင် ဖြစ်စေနိုင်ကြောင်း မောရစ်က ပြောဆိုခဲ့သည်။
          ဘင်ဟမ်တန် တက္ကသိုလ်နှင့် လန်ဒန် တက္ကသိုလ်တို့မှ ပညာရှင်များသည် နိုင်ငံ (၉၆) နိုင်ငံမှ လူ (၅၇၀၅) ဦးတို့အား ခွာပြဲပြီးနောက် စိတ်ပိုင်းနှင့် ရုပ်ပိုင်း နာကျင်မှု အခြေအနေများကို မေးမြန်းခဲ့သည်။ ဖြေဆိုမှုများကိုလည်း ဘာမှမခံစားရသည့် အခြေအနေ တစ်ခုမှ ဆက်လက် ခံစားနိုင်စွမ်း မရှိတော့သည့် အခြေအနေ (၁၀) အထိ အဆင့် ခွဲခြား သတ်မှတ်ခဲ့သည်။
          စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွင် အမျိုးသမီးများက (၆ ဒသမ ၈၄) အခြေအနေ အထိ ခံစားရပြီး အမျိုးသားများမှာ (၆ ဒသမ ၅၈) အခြေအနေအထိ ခံစားခဲ့ရကြောင်း တွေ့ရှိခဲ့သည်။ ရုပ်ပိုင်း နာကျင်မှုတွင် အမျိုးသမီးများက (၄ ဒသမ ၂၁) နှင့် အမျိုးသားများက (၃ ဒသမ ၇၅) အထိ ရှိခဲ့သည်။
          သို့သော် အမျိုးသမီးများသည် နောက်ပိုင်းတွင် ပြန်လည် နာလန်ထလာပြီး၊ စိတ်ဓာတ် ပိုမိုခိုင်မာလာတတ်ကြောင်း လေ့လာ တွေ့ရှိခဲ့သည်။ အမျိုးသားများမှာမူ တစ်သက်လုံး မဖြေနိုင် ဖြစ်တတ်ကြောင်း ပညာရှင်များက ပြောဆိုခဲ့သည်။            
Source:DM
Credit: messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...