Monday, May 29, 2017

စင်းလုံးချော လက်ရာမျိုးကိုမှ လက်ခံချင်သူများ အလုပ်ခွင်ထဲမှာ စိတ်ဖိစီးမှု ပိုများတတ်


စင်းလုံးချော လက်ရာမျိုးကိုမှ လက်ခံချင်သူများသည် အလုပ်ခွင်ထဲမှာ စိတ်ဖိစီးမှု ပိုများကာ လွယ်လွယ်နှင့် စိတ်ချုံးချုံး ကျတတ်ကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။
          တစ်ကိုယ်ရေ တန်ဖိုးမြင့်မြင့် သတ်မှတ်ထားခြင်း၊ မိမိကိုယ်ကိုယ် မညှာမတာ ဝေဖန်လွန်းခြင်း တို့သည် စွမ်းဆောင်ရည်မြင့်သူ၊ ယုံကြည် စိတ်ချရသူ ဟူသော ဂုဏ်ရည်မျိုးနှင့် ဆက်စပ် နေသော်လည်း တကယ့် တစ်ကယ်တမ်းတွင် ကားစင်းလုံးချောကိုမှ လက်ခံချင်သည့် စိတ်ထားမျိုးသည် အလုပ်ခွင်မှာ စွမ်းဆောင်ရည်ကိုပင် ကျဆင်းစေကြောင်း အင်္ဂလန်ရှိ ယော့ခ်စိန့်ဂျွန် တက္ကသိုလ်နှင့် ဘာ့သ် တက္ကသိုလ်မှ ပညာရှင်များက သတိပေး ပြောကြားလိုက်သည်။
          လေ့လာမှု စစ်တမ်းကို Personality & Social Psychology Review ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ စင်းလုံးချောကိုမှ လက်ခံချင်သည့် စိတ်ထားက လူမှုဘ၀အပေါ် သက်ရောက်မှုကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားသည့် ပထမဆုံး စစ်တမ်းလည်း ဖြစ်သည်။

          စင်းလုံးချော လက်ရာမျိုးကိုမှ လက်ခံချင်သူ၏ စရိုက်သည် စိတ်ချုံးချုံးကျမှုနှင့် တိုက်ရိုက် ပတ်သက်နေကာ အကျိုးဆက်အဖြစ် အလွန်အမင်း စိတ်ဖိစီးခြင်း၊ စွမ်းဆောင်ရည် ကျဆင်းခြင်း၊ လူနဲ့စိတ် မကပ်ခြင်းများ ဖြစ်ပွား လာတတ်ကြောင်း စစ်တမ်းက ဆိုသည်။
          အထူးသဖြင့် စွမ်းဆောင်ရည် ရလဒ်ပေါ် မူတည် အကဲဖြတ်သော အလုပ်ခွင်မျိုးတွင် စင်းလုံးချောလို လားသူများသည် စိတ်ဖိစီးမှု အများဆုံး ဖြစ်ကြောင်း သိရသည်။ စင်းလုံးချောသမား လုပ်ကိုင်နေသော အလုပ်ခွင်မျိုးသည် ဖန်တီး ဆန်းသစ်မှု ကင်းမဲ့နေသည့် အခါမျိုးတွင် စင်းလုံးချောသမားများသည် ပို၍ပင် စိတ်ဖိစီးကာ စိတ်ချုံးချုံးကျမှုမျိုး ကြုံရတတ်ကြောင်း စစ်တမ်းက ဆိုသည်။
          စင်းလုံးချောကိုမှ လက်ခံတတ်သည့် အကျင့်ကို စည်းစနစ်ကျနမှုနှင့် လွဲမှား မှတ်ယူတတ်ကြကြောင်း လေ့လာမှု စစ်တမ်းကို ဦးဆောင်ခဲ့သော ယော့ခ်စိန့်ဂျွန် တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ ဒေါက်တာ အန်ဒရူးဟီးလ်က ပြောသည်။
          ''စင်းလုံးချောကိုမှ လက်ခံလိုသူတွေဟာ တစ်ကယ်တမ်း ကျတော့ အလုပ်ခွင်မှာ အလုပ် ပြီးမြောက်မှု ပိုထူးခြား မလာသလို၊ အလုပ်ခွင်ဟာ သူ့အတွက် စိတ်ဖိစီးစေတဲ့ နေရာမျိုးလည်း ဖြစ်နေတတ်တယ်'' ဟု ဒေါက်တာ အန်ဒရူးဟီးလ်က ပြောသည်။
          ''လုပ်ငန်း အဖွဲ့အစည်းတွေ အနေနဲ့ စင်းလုံးချော တပ်မက်စရိုက်ကို အောင်မြင်ခြင်း အုတ်မြစ်အဖြစ် သတ်မှတ် ထားတတ်တာကို ပြန်သုံးသပ်ဖို့ လိုပါတယ်'' ဟု ဘာ့သ် တက္ကသိုလ်မှ အားကစား စိတ်ပညာ ဆိုင်ရာ ဒေါက်တာ သောမတ်ကာရန် ကလည်း ပြောသည်။
          ဇွဲနဘဲ၊ သင့်တင့် လျောက်ပတ် နှလုံးသွင်းတတ်မှု၊ မဆုတ်မနစ် အားထုတ်မှုများသည် အောင်မြင်ရေး အတွက် ပိုအရေးပါသော ဟင်းအမယ်များ ဖြစ်သည်ဟု ဒေါက်တာကာရန်က ဆိုသည်။
          ဂူဂဲကဲ့သို့ ကုမ္ပဏီကြီး များသည်လည်း ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း စင်းလုံးချောကိုမှ လက်ခံတတ်သည့် စနစ်မျိုးကို လျှော့ချကာ ၀န်ထမ်းများ မှားမှာ မကြောက်ဘဲ လုပ်ကိုင် စမ်းသပ်ရဲအောင် အားပေးလျက် ရှိသည်။
           အမှား လုပ်မိမှာ ကြောက်စိတ်မျိုးကို ချေဖျက်ပေးခြင်း အပြင် အလုပ်ခွင်နှင့် လူမှုဘ၀မျှခြေ ရှိအောင် ဖန်တီးပေးခြင်း၊ အလုပ်ခွင် စိတ်ဖိစီးမှု နည်းအောင် လုပ်ပေးခြင်း၊ အမှား လုပ်မိလျှင်ပင် ကြည်သာစွာ နားလည်ပေးခြင်း စသည် တို့သည်လည်း လုပ်သားများ စွမ်းရည် တက်လာအောင် ကူပေးနိုင်သော အချက်များ ဖြစ်သည်ဟု စစ်တမ်းက ဆိုသည်။
Source: Daily Mail
Credit: messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...