Sunday, June 25, 2017

ပူရင်းပင်ရင်းနဲ့ တစ်သက်တာမှာ ငါးနှစ်လောက် အချိန်ကုန်


ဗြိတိန် နိုင်ငံသားများ ဘ၀သက်တမ်း အတွင်း ပူပင်ကြောင့်ကြရင်း ကုန်သွားသည့် အချိန်တွေကို ပေါင်းလိုက်လျှင် ငါးနှစ်စာလောက် ရှိကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဖော်ပြသည်။ ယခုစစ်တမ်းသည် ဗြိတိန်သားများကို သာမက လူသားတိုင်းကိုပါ ထင်ဟပ်မှု ရှိသည်ဟုလည်း စစ်တမ်းက ဆိုသည်။
          စစ်တမ်း ဖြေဆိုသူ (၈၆) ရာခိုင်နှုန်းထိက သူတို့သည် အပူသမားများပါဟု ၀န်ခံထားကြသည်။ ဗြိတိန်သား တစ်ယောက်  တစ်ရက်အတွင်း ပူပင်ကြောင့်ကြစိတ် ဖြစ်မိသည့် အချိန်များကို ပေါင်းလိုက်လျှင် (၁) နာရီ မိနစ် (၅၀) စာ ရှိကြောင်း စစ်တမ်းက ဖော်ပြသည်။ တစ်ပတ်ဆိုလျှင် ၁၂ နာရီ (၅၃) မိနစ်စာ ရှိသည်။ ပျမ်းမျှ သက်တမ်း (၆၄) နှစ်ထားပြီး တွက်လိုက်လျှင် ပူပင်ကြောင့်ကြရင်း ကုန်သွားသည့် အချိန်က လေးနှစ် (၁၁) လစာရှိသည်။

          ပူပင်ကြောင့်ကြစိတ် အဖြစ်ရဆုံး ကိစ္စမှာ အလုပ်ကိစ္စ ဖြစ်သည်။ ငွေရေးကြေးရေးက ဒုတိယ လိုက်သည်။ အလုပ်နောက်ကျမှာ စိုးရိမ်တာ၊ တစ်ယောက်ယောက်ရဲ့ ကျန်းမာရေး အတွက် စိုးရိမ်တာ၊ ကိုယ့်ကျန်းမာရေး အတွက် စိုးရိမ်တာတွေကလည်း အစဉ်လိုက် လိုက်သည်။
          စစ်တမ်းကို ဆေးဝါးကုမ္ပဏီ Rescue Remedy က ကောက်ယူထားခြင်း ဖြစ်သည်။ စစ်တမ်း ဖြေဆိုသူ (၂၀၀၀) အနက် (၈၄) ရာခိုင်နှုန်းထိက စိုးရိမ်ကြောင့်ကြစိတ် ဖိစီးသဖြင့် အိပ်ပျက်ညတွေ များလှသည်ဟု ဖြေထားကြသည်။
          ''လူတွေဟာ အကြာကြီး တောက်လျှောက် ပူပင်ကြောင့်ကြ နေကြတာမျိုး နည်းတာကြောင့် သိပ်မသိသာဘူး ထင်ရပေမယ့် ပူပင်စိတ် ဖြစ်ချိန်လေးတွေကို ပေါင်းကြည့် လိုက်မယ် ဆိုရင်တော့ ဘ၀အချိန် အတော်များများ ပဲ့ပါသွားတာ တွေ့နိုင်ပါတယ်'' ဟု Rescue Remedy ၏ ပြောရေးဆိုခွင့် ရှိသူကဆိုသည်။
          ပူပင်ကြောင့်ကြစိတ်ကို လိုက်လျောညီထွေ ထိန်းကျောင်းကာ တတ်နိုင်သမျှ ဖြေဖျောက်ပစ်ပြီး လွတ်လပ်ပျော်ရွှင်စွာ လောကအရသာ ခံစားတတ်အောင် ကြိုးပမ်းကြရမည်ဟု စစ်တမ်းက တိုက်တွန်းသည်။
          မလိုအပ်ဘဲ အလွန်အကျွံ စိုးရိမ် ပူပန်နေခြင်းများကြောင့် ကိုယ်ရော စိတ်ပါ ကျန်းမာရေး ထိခိုက်ရသည်ဟု စစ်တမ်း ဖြေဆိုသူ (၁၀) ယောက်တွင် ခြောက်ယောက်က ဖြေသည်။ အပူအပင် များလွန်းသဖြင့် အိမ်ထောင်ဖက်နှင့် ရန်ဖြစ်ရသည် အထိ ကြုံဖူးသည်ဟု ဖြေသူတွေလည်း ရှိသည်။ ပူပင်စိတ်က နှောင့်ယှက်သဖြင့် အလုပ်မှာပါ ထိခိုက်ကာ အလုပ်ပြုတ်ရဖူးသည်ဟု ဖြေသူများလည်း ရှိသည်။
          မိမိပူပင်နေတာကို ထုတ်မပြောဘဲ ကြိတ်မှိတ် မြိုသိပ်ကာ အပူရုပ် ဟန်လုပ်နေရသည်ဟု (၂၅) ရာခိုင်နှုန်းက ဖြေသည်။ မိမိသည် လိုအပ်သည်ထက်ပို  ပူပင်ကြောင့်ကြနေ မိသည်ကို နားလည်ပါကြောင်း (၁၀) ယောက်တွင် ရှစ်ယောက်က ၀န်ခံသည်။ မိမိသည် အသက် ကြီးလာလေ  ပိုပူပင်တတ်လာလေဟု ဆိုသူကလည်း (၇၆) ရာခိုင်နှုန်း ရှိသည်။
          ပူပန်ကြောင့်ကြစိတ်တွေ များလာလျှင် တစ်နည်းနည်းဖြင့် ငြိမ်အောင် ပြန်ထိန်းဖြစ်သည်ဟု ဆိုသူကလည်း (၁၀) ယောက်တွင် ခုနစ်ယောက်ရှိသည်။ အေးအေးလူလူ လမ်းလျှောက် ထွက်ကာ စိတ်ငြိမ်အောင် လုပ်သည်ဟု ဖြေသူလည်းရှိသည်။ မေ့ပစ်လိုက်သည်ဟု ဖြေသူလည်း ပါသည်။
ညည အိပ်ပျက်အောင် လုပ်နေသည့် ထိပ်ဆုံး ပူပင်ကြောင့်ကြမှု (၁၀) ခု
၁။     အလုပ်
၂။     ငွေကြေး
၃။     မနက် မနိုးဘဲ နောက်ကျမှာ
၎။     ဆွေမျိုး၊ မိတ်ဆွေတစ်ဦးဦး ကျန်းမာရေး
၅။     ကိုယ့် ကျန်းမာရေး
၆။     အချစ်ရေး၊ အိမ်ထောင်ရေး
၇။     မနက် လေယာဉ်၊ ရထား၊ ကား မမီမှာ
၈။     နာရီ နှိုးစက် မြည်သည့်တိုင် မနိုးမှာ
၉။     အလှအပအတွက်
၁၀။    ကိုယ့်မိသားစု လုံခြုံရေး။
Source: Daily Mail
Credit: messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...