အလှ ပြိုင်ပွဲမှာ သတ်မှတ် ထားတဲ့ စံနှုန်း ထားတွေဟာ တပွဲနဲ့ တပွဲ သိပ်ပြီး
ကွာခြား လှတယ် မရှိပေမယ့် အာ ဖရိကတိုက် တောင်ပိုင်း၊ နစ်ဂါနိုင်ငံရှိ
ဝိုဒါဘီ လူမျိုးစု တွေရဲ့အလှ
ပြိုင်ပွဲ တွေကတော့ အများနဲ့ မတူ ထူးခြား လှပါတယ်။ ဒီပြိုင်ပွဲမှာ
အမျိုးသမီး များက ဒိုင်လူကြီး ဖြစ်ပါတယ်။ အမျိုးသမီး တွေကသာ ပြင်ပြင်
ဆင်ဆင် ထိန်းထိန်း သိမ်းသိမ်း နေ
တတ် ကြတယ် ဆိုတဲ့ အယူ အဆရှိ ပေမယ့် အဲဒီဝိုဒါဘီ လူမျိုးစုရဲ့အမျိုးသား
တွေကို ကြည့်ခြင်းအားဖြင့် အမျိုးသားများ ဟာလည်း အချိန်ကုန်၊
ငွေကုန်ကြေးကျခံလို့ မိမိ ကိုယ်ကိုယ် ပြင်ဆင်ထိန်းသိမ်း တတ်တယ် ဆိုတာကို
တွေ့ရမှာပါ။
ရောင်စုံဖောင်းကြွပန်းပွင့်တွေ၊ ပြောင်လက်နေတဲ့ ပစ္စည်းတွေ၊ အာရုံကို
ဖမ်းစားနိုင်တဲ့ တွဲဖက်ပစ္စည်းလေးတွေနဲ့ အလှဆင်ထားတဲ့
သူတို့ရဲ့ဝတ်စုံတွေဖြစ်လာဖို့ကို တစ်နှစ်ကြာအချိန်ယူရပါသတဲ့။ မျက်နှာကို
ရောင်စုံဖြစ်အောင်ချယ်သရာမှာသော်၎င်း၊
နှာတံစင်းအောင်ဆွဲတဲ့နေရာမှာသော်၎င်း၊ အသားကို ဖြူဝင်းအောင်
ပြုလုပ်ရာမှာသော်၎င်း အ၀ါရောင်ရှိတဲ့ မြေစေးကို ဆိုးစေးအဖြစ်
အသုံးပြုထားပါတယ်။
သူတို့ရဲ့ ပြင်ဆင်မှုတွေပြီးပြီဆိုရင်တော့ အလှပြိုင်ပွဲကို
စတင်လို့ရပြီဖြစ်ပြီး ပွဲစပြီဆိုတာနဲ့ အကဲဖြတ် ဒိုင်လူ ကြီးများဖြစ်သူ
အမျိုးသမီးတွေရှေ့မှာ ရှေးခေတ်ရိုးရာ သူရဲကောင်း ၀တ်စုံတွေကို ၀တ်ဆင်ထားတဲ့
အမျိုးသားတွေဟာ တန်းစီလှည့်လည် လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း၊
သီချင်းသီဆိုချင်းတွေကို ပြုလုပ်ကြပါတော့တယ်။ ဒီအရာတွေကို ပြုလုပ်နေတာကတော့
ကန္တာရ နေပြင်းပြင်းထဲမှာပဲ ဖြစ်ပါတယ်။ အမျိုးသမီးဒိုင်တွေကလည်း
မျက်နှာအလှဆုံး၊ အရပ်ရှည်ပြီး ကျက်သရေအရှိဆုံး၊ အတောက်ပဆုံးမျက်လုံးနဲ့
ညီညာလှပပြီး အဖြူဆုံးသွားတွေရှိသူ၊ ၀တ်စုံအလှဆုံး ၀တ်ဆင်လာသူများကို
ရှာဖွေကြပါတယ်။
ဝါဒါဘီ လူမျိုးစုတွေအတွက် ဘ၀မှာ တန်ဖိုးအထားဆုံးသော အရာ (၃)မျိုးရှိပါတယ်။
အဲဒါတွေကတော့ အလှအပ၊ ကျွဲနွားတိရိစ္တာန်အုပ်တွေနဲ့ မိမိရဲ့မိသားစုပဲ
ဖြစ်ပါတယ်။ သူတို့တတွေဟာ မိမိရဲ့မျိုးနွယ်စုအပေါ် အင်မတန်မှ
သစ္စာရှိသူတွေဖြစ်ပြီး ကျွဲနွားတိရိစ္တာန်စုနဲ့ ဆေးဖက်ဝင်အပင်များ ကုန်သွယ်
ရောင်းဝယ် ဖောက်ကားခြင်းအားဖြင့် စီးပွားရှာသူတွေလည်း ဖြစ်ပါတယ်။ ချက်ရေကန်
ကမ်းရိုးတန်းနားမှသည် အတ္တလန်တိတ်သမုဒ္ဒရာ ဆီနီဂေါ ကမ်းရိုးတန်းအထိ
တည်ထားသော မြို့များ၊ ရွာများကို စားစရာအသားစိမ်းများ တင်သွင်းနေသော
သူများလည်း ဖြစ်ပါတယ်။ သူတို့ဟာ မိမိလူမျိုးအတွက် အင်မတန်
ဂုဏ်ယူဝင့်ကြွားတတ်တဲ့ လူမျိုးများလည်း ဖြစ်ပါတယ်။
အလှအပအားဖြင့် လူသိများတဲ့ ၀ိုဒါဘီ လူမျိုးစုကို ဘိုရိုရိုလူမျိုး လို့လည်း
ခေါ်ပါတယ်။ သူတို့တတွေရဲ့ ထူးခြားချက်ကတော့ အရုပ်ရှည်ပြီး
ခန္ဓာကိုယ်သွယ်လျတယ်၊ နှာတံရှည်ပြီး ကြည့်လို့ကောင်းတဲ့ ရုပ်ရည်ရှိတယ်၊
နှုတ်ခမ်းပါးပြီး အခြားအာဖရိကမှာရှိတဲ့ လူမျိုးတွေထက်
အသားအရည်ကြည်လင်ကြပါတယ်။
အုပ်စုလိုက် နှစ်စဉ်ရွှေ့ပြောင်းမှုမတိုင်ခင် မိုးကုန်တဲ့ စက်တင်ဘာလ
ရောက်ပြီဆိုရင် ရွေ့လျား စားကျက်မြေများနဲ့ရှင်သန်နေထိုင်ကြတဲ့
လူမျိုးစုတွေဟာ ကန္တာရထဲမှာ လာရောက်စုဝေးကြပြီး သူတို့ရဲ့
စားကျက်တိရိစ္တာန်တွေနဲ့ ပွဲတော်များကို ဆင်နွှဲသလို ပြိုင်ပွဲတွေကိုလည်း
ပြုလုပ်ကြပါတယ်။ ရက်သတ္တပတ် တစ်ပတ်လုံးတိုင်အောင် ကျင်းပတဲ့ ပွဲတော်ကိုတော့
ဂီရောဝယ် လို့ ခေါ်ပြီး အဲဒီပွဲတော်မှာ ရိုးရာဓလေ့နဲ့ ပတ်သက်တဲ့
အကြောင်းအရာများစွာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လူမျိုးစုစည်းဝေးပွဲ၊
ကုလားအုပ်စီး ပြိုင်ပွဲ၊ ကခုန်ပွဲ၊ သီချင်းသီဆိုပွဲ၊ လက်ထပ်ထိမ်းမြားဖို့
တောင်းရမ်းပွဲတွေကို အဲဒီပွဲတော် ကာလအတွင်း ပြုလုပ် ကြပါတယ်။
အဲဒီပွဲတော်အတွင်း အထူးခြားဆုံးပြုလုပ်တဲ့ ပွဲကတော့ လူမျိုးစုတွေထဲကမှ
အချောအလှဆုံး အမျိုးသား ရွေး ချယ်တဲ့ပွဲပဲဖြစ်ပါတယ်။
ပြိုင်ပွဲဝင်များကို အမှတ်ပေး အကဲဖြတ်နေတဲ့ အကဲဖြတ်ဒိုင် အမျိုးသမီးတဦး
အနောက်အာဖရိကပိုင်းမှာ အလှဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ ၀ိုဒါဘီ
အမျိုးသမီးတွေဟာ ရှက်ရွံ့ဟန်ပြပေမယ့် အကဲဖြတ်ဒိုင်သူကြီးများအဖြစ်
မည်သူ့ကို မစ္စတာ ၀ိုဒါဘီအဖြစ် သရဖူဆောင်းပေးရမလဲဆိုတာ အဝေးကနေ
ကြည့်ရှုအကဲခတ်လို့နေပါတယ်။ ဒီပွဲမှာတော့ အကဲဖြတ်တွေဟာ လက်မထပ်ရသေးသူ
အမျိုးသမီးများ ဖြစ်ပြီး သူတိုရဲ့ခင်ပွန်းသည်ဖြစ်ဖို့ အလားအလာရှိတဲ့
သူတွေကို အကဲခတ်နိုင်မှာဖြစ်ကာ သူတို့နှစ်သက်တဲ့ သူတွေကို စခန်းချထားတဲ့
တဲတွေမှာ ပြန်လည်ပြီး အနီးကပ် အကဲခတ်နိုင်ဖို့ အခွင့်အရေးလည်း ရှိပါ တယ်။
ကမ္ဘာ့မယ်ရွေးပွဲတွေမှာလိုပါပဲ၊ ပြိုင်ပွဲဝင်တဲ့ အမျိုးသားတွေဟာ သူတို့မှာ အလှဆုံးအပြုံး၊ အတောက်ပဆုံး
မျက်လုံးရှိကြောင်း လူမျိုးစုတွေထဲမှာ
နှစ်လိုဖွယ်အကောင်းဆုံးလက္ခဏာရှိသူများဖြစ်ကြောင်း လမ်းလျှောက်ပြခြင်း၊
မျက်လုံးကစားပြခြင်း၊ ဖြူစင်တဲ့သွားတွေ ပေါ်အောင်ပြုံးရယ်ပြရခြင်းတွေကို
ပြုလုပ်ရပါတယ်။ တချိန်တည်းမှာပဲ အမျိုးသမီးတွေ အထင်ကြီးလာအောင်
အမျိုးသားတွေဟာ သူတို့ရဲ့ကြံ့ခိုင်မှု ရှိကြောင်း အလွန်ပူပြင်းတဲ့
သဲကန္တာရနေပူထဲမှာ နာရီပေါင်းများစွာ နေပြရတဲ့အပြင် အင်မတန် ရီဝေမူး
ယစ်စေတဲ့ ကစော်တမျိုးကိုလည်း သောက်ပြရပါသေးတယ်။ ရိုးရာအကတစ်ခုဖြစ်တဲ့
ရာကီအကကို ကပြရချိန်မှာတော့ ပြိုင်ပွဲဝင်အမျိုးသားတွေဟာ
သူတို့ရဲ့ကျော့ရှင်းမှုကို အမှတ်ပေးခံရပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ပြိုင်ပွဲဝင်အမျိုးသားတွေဟာ ဒီအလှပြိုင်ပွဲကို
စိတ်ပါလက်ပါ ၀င်ပြိုင်ကြပြီး ပြိုင်ပွဲရဲ့ အောင်မြင်မှုအပေါ်မှာလည်း
ဂုဏ်ယူဝင့်ကြွားတတ်ကြပါတယ်။ အချို့အမျိုးသားများဆိုရင် မျက်နှာချယ်သရာမှာ
အင်မတန်တော်ပြီး မိမိခန္ခာကိုယ်ကို လှပကျော့ရှင်းအောင် ဖော်ပြတတ်ပါတယ်။
အချို့သော အမျိုးသားများမှာ လှပလွန်းတာကြောင့်
အမျိုးသမီးလူမျိုးစုဝင်များနဲ့ပင် ဆင်တူပြီး ခွဲခြားရခက်ပါတယ်။
အခုဖော်ပြထားတဲ့ဓါတ်ပုံများကိုတော့ ဓါတ်ပုံဆရာ စတိမက်ကယ်ရီက
ရိုက်ကူးခဲ့ပါတယ်။ အဲဒီဓါတ်ပုံများရဲ့အမည်ကိုတော့ “ငယ်ရွယ်တဲ့ ၀ိုဒါဘီ
အမျိုးသားသူရဲကောင်း”လို့ ပေးခဲ့ပါတယ်။
(၂၀၀၁) ခုနှစ်က ထုတ်ဝေခဲ့တဲ့ စာရေးဆရာမ မက်တေး ဘိုဗင် ရဲ့ “Nomads Who
Cultivate Beauty” ဆိုတဲ့စာအုပ်ထဲမှာ ၀ိုဒါဘီ အမျိုးသားတွေရဲ့
အလှပြိုင်ပွဲတွေဟာ လိင်တူဆက်ဆံခြင်း၊ မိန်းမလျာကိစ္စများနဲ့
ဆက်နွယ်နေတယ်လို့ တဖက်သက်ရေးသားဖော်ပြခဲ့ပါတယ်။ သို့ပေမယ့်
ဒီအလှပြိုင်ပွဲဟာ ၀ိုဒါဘီအမျိုးသားများအတွက် အမျိုးသမီးများကို
စွဲဆောင်ဖို့မိမိကိုယ်ကို ထုတ်ဖော်ပြသကြတဲ့ပွဲတော်ဖြစ်ပြီး
ထိမ်းမြားလက်ထပ်ဖို့ ဖူးစာဖက်ပေးတဲ့ပွဲလည်း ဖြစ်ပါတယ်။
ဒီ ၀ိုဒါဘီလူမျိုးစုရဲ့ကိုးကွယ်မှုဘာသာကတော့ ပတ်ဝန်းကျင်အနေအထားနဲ့ယှဉ်ရင်
သဟဇာတ မဖြစ်ပေမယ့် အစ္စလမ်ဘာသာကို ကိုးကွယ်ကြပြီး အလှအပရေးရာနဲ့ ပတ်သက်လို့
ကျားမဆိုင်ရာ ခွဲခြားဆက်ဆံမှုကို ရင်ဆိုင်နေရတဲ့လူမျိုးလည်း ဖြစ်ပါတယ်။
တကယ်တော့ ၀ိုဒါဘီ ဆိုတဲ့ စကားလုံးဟာ သူတို့လူမျိုးစုစကားအရ
“ဖိနှိပ်ထားမြစ်ချက်များနှင့် နေထိုင်ရသော လူစု” လို့ အဓိပ္ပါယ်ရပါတယ်။
http://www.messynessychic.com/2015/09/29/the-male-beauty-contest-of-the-sahara-desert/
Credit:The Irrawaddy's Blog
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။