Wednesday, May 9, 2018

မျက်နှာပေါ် ဆေးမင်ကြောင် ရေးထိုးထားသူများ


ဆေးမင်ကြောင် ရေးထိုးသူများတွင် ထူးဆန်းသော စိတ်တစ်ခု ရှိသည်။ ယင်းမှာ ဆေးမင်ကြောင် ရုပ်များကို တစ်ခုပြီး တစ်ခုထိုးလိုခြင်း ဖြစ်သည်။ အင်္ဂလန် အသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းသည် လက်ရှိ အချိန်တွင် ဆေးမင်ကြောင်ပေါင်း (၅၀) အထိရှိနေပြီ ဖြစ်သည်။ သို့သော် ဆေးမင်ကြောင်ထိုးသူ များသည် မျက်နှာပေါ် တွင်လည်း ရေးထိုးမှုများ ပြုလုပ်လာကြပြီ ဖြစ်သည်။ ထို့ကြောင့် မျက်နှာပေါ်တွင် ထူးထူး ခြားခြား ဆေးမင်ကြောင် ရေးထိုးခဲ့သူများ အကြောင်းကို ဖော်ပြပေးလိုက် ပါသည်။
၁။ ဗလာဒီမာ ဖရန့်
          ချက်နိုင်ငံသား ဗလာဒီမာဖရန့်သည် ထူးခြားသည့် အပြုအမူများ ပြုလုပ်တတ်သူ ဖြစ်သည်။ ၂၀၁၃ တွင် ကျင်းပသည့် ချက်သမ္မတ ရွေးကောက်ပွဲ ကိုလည်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ ဖူးသည်။ ဥပဒေဖြင့် ဘွဲ့ရထားသူ ဖြစ်ပြီး၊ ပန်းချီရေးဆွဲခြင်း၊ စတိတ် ဒီဇိုင်း ပြုလုပ်ခြင်း၊ အော်ပရာဇာတ်များ ရေးသားခြင်း စသည် များကို ပြုလုပ်လေ့ ရှိသည်။ အသက်(၅၆) နှစ်ရှိပြီ ဖြစ်သော်လည်း ဆေးမင်ကြောင် ထိုးခြင်းကို အလွန် ၀ါသနာ ပါသည်။ ဆံပင်ကို အပြာရောင် ပုံစံထားလေ့ ရှိပြီး၊ မျက်နှာတွင် ဆေးမင်ကြောင် ရေးထိုးခဲ့ခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ဆေးမင်ကြောင်များကို ပန်းဥယျာဉ်သဖွယ် သဘောထားလေ့ရှိသူ ဖြစ်သည်။

၂။ ဂျက်ဆန် ဘာနန်
          အမေရိကန် ပြည်ထောင်စု၊ အလက်စကာတွင် နေထိုင်သည့် အသက် (၃၉) နှစ်အရွယ်ရှိ ဂျက်ဆန် ဘာနန်သည် ရဲနှစ်ဦးကို မိုတယ်တစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ရန် ကြိုးစားခဲ့ ခြင်းကြောင့် ထောင်(၂၂) နှစ် ချမှတ်ခံရသည်။ မူးယစ်ဆေး အကျိုးဆက်ကြောင့် ရာဇ၀တ်မှုမျိုးစုံကို ကျူးလွန်ခဲ့သည်။ မျက်နှာတွင် သာမက မျက်လုံးတွင်ပါ ဆေးမင်ကြောင် ရေးထိုးထား ခြင်းကြောင့် Eyeball ဟု အမည်ပြောင်ပေးခြင်း ခံခဲ့ရသည်။ ခိုးမှု ကျူးလွန်ခြင်းကြောင့် မသင်္ကာ ဖြစ်ခံရပြီး နေအိမ်အတွင်း ၀င်ရောက် ရှာဖွေသည့် ရဲများကို သေနတ်ဖြင့် ခုခံ ခဲ့ခြင်း ဖြစ်သည်။ ရဲများက ပြန်လည် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။
၃။ ခရစ္စတီယန်
          အသက်(၂၀) သာ ရှိသေးသည့် ခရစ်္စတီယန်၏ အပြုအမူသည် ဝေဖန်စရာ ဖြစ်ခဲ့သည်။ အမေရိကန် ပြည်ထောင်စု၊ ဟူစတန်တွင် နေထိုင်သည့် ခရစ်္စတီယန်သည် သားဖြစ်သူ၏ ပုံကို မျက်နှာတွင် ဆေးမင်ကြောင် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ခရစ်္စတီယန် သည် ဆေးမင်ကြောင် ရေထိုးပြီးနောက် လူမှုကွန်ရက်တွင် တင်ရှိခဲ့ရာ ဝေဖန်မှုများစွာ ကြုံခဲ့သည်။ ခရစ္စတီယန်သည် သားဖြစ်သူကို အလွန်ချစ်ကြောင်း ပြသသည့် အနေဖြင့် ယခု လိုပြုမူခဲ့ခြင်း ဖြစ်သည်။ ခရစ္စတီယန်က လှပသည့် မျက်နှာပေါ်တွင် နောက်ထပ် လှပသည့် မျက်နှာကို ဆေးမင်ကြောင် အဖြစ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားရင်း ဝေဖန်မှုများကို တုံ့ပြန်ခဲ့သည်။
၎။ ဗင်လို့စ်
          ကနေဒါမော်ဒယ်  ဗင်လို့စ်သည် ထူးခြားသည့် ဆေးမင်ကြောင်များကြောင့် လူသိများ ထင်ရှားလာ ခဲ့သည်။ ကတုံး ပုံစံဖြင့် စတိုင်ကျကျ နေထိုင်လေ့ရှိပြီး မျက်နှာတွင် ဆေးမင်ကြောင်များကို ရေးထိုးထားသည်။ ဗင်လို့စ်၏ ဆေးမင်ကြောင်များသည် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ ဗင်လို့စ်သည် စကားလုံး များကို ဆေးမင်ကြောင် အဖြစ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ဗင်လို့စ်၏ မျက်နှာတွင် စကားလုံးများစွာရှိ နေပြီး အချို့ စကားလုံး များမှာ အလွန်ကြမ်းတမ်း သော်လည်း ပေါ်ပြူလာ ဖြစ်အောင် ရေးထိုးခဲ့သည်။ ဗင်လို့စ်က မိမိ ရေးထိုးသော စကားလုံးများသည် လူအများ စိတ်ဝင်စားရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၅။ တန်မာဗွန်း
          လူဆိုးဂိုဏ်းဝင် တစ်ဦး ဖြစ်ပြီး မျက်နှာတွင် ရေးထိုးထားသည့် ဆေးမင်ကြောင်များကြောင့် ရဲတပ်ဖွဲ့ဝင် များ၏ အလွယ်တကူ မှတ်မိခြင်းကို ခံခဲ့ရသည်။ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားရှိ လာအို လူဆိုး ဂိုဏ်းဝင်တစ်ဦး ဖြစ်သည်။ ဆေးခြောက်များကို စိုက်ပျိုး ရောင်းချခြင်းနှင့် တရားမ၀င် သေနတ် ကိုင်ဆောင်ခြင်း တို့ကြောင့် ဖမ်းဆီးခံရသည်။ တန်မာဗွန်း၏ မျက်နှာပေါ်က ဆေးမင်ကြောင် များသည် အလွန်ကြည့်ရ ဆိုးသည့် အတွက် လူမှုကွန်ရက်များတွင် လူပြောများသည့် အကြောင်းအရာ ဖြစ်ခဲ့သည်။ တန်မာဗွန်း၏ နေအိမ်ကို ရဲတပ်ဖွဲ့များ ၀င်ရောက် စီးနင်းရာတွင် တရားမ၀င် စိုက်ပျိုး ထားသည့် ဆေးခြောက်များကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၆။ မိုက်ကယ်ကာတာ
          မိုက်ကယ် ကာတာ၏ အပြုအမူများက စိတ်ပျက်စရာ ဖြစ်သည်။ ရာဇ၀တ်မှု မျိုးစုံကို ကျူးလွန်ခဲ့ပြီး ထောင်အကြိမ်ကြိမ်ကျခဲ့ သော်လည်း နောင်တရခြင်း မရှိဘဲ ဆိုးရွားသည့် အပြုအမူများကို ဆက်လက် ပြုလုပ် ခဲ့သည်။ အိမ်ခြေမဲ့တစ်ဦး ဖြစ်သောကြောင့် ထိန်းသိမ်း စောင့်ရှောက်ရေး ဂေပာာတွင် နေထိုင်ခွင့်ရရေး အတင်းအကျပ် ကြိုးစားခဲ့ခြင်းကြောင့် ဖမ်းဆီးခံ ရသည်။ မျက်နှာပေါ်တွင် ရေးထိုး ထားသည့် ဆေးမင်ကြောင် များသည် မိုက်ကယ်ကာတာကို လူဆိုးတစ်ဦး အဖြစ် ပေါ်လွင်စေခဲ့သည်။ မိုက်ကယ်ကာတာ ရေးထိုး ထားသည့် မျက်နှာပေါ်က ဆေးမင်ကြောင်များသည် ကြည့်ရဆိုး သဖြင့် လှောင်ပြောင်စရာ ဖြစ်ခဲ့သည်။
၇။ ဂျီနက်စ်
          နာမည်ကျော် အဆိုတော် လေဒီဂါဂါကြောင့် ထင်ရှားလာသူ ဖြစ်သည်။ ထူးခြားသည့် ဆေးမင်ကြောင် များကို ရေးထိုးခဲ့ခြင်းကြောင့် လေဒီဂါဂါ၏ အမ်တီဗွီ သီချင်းတွင် ပါဝင်ခွင့်ရခဲ့သည်။ ဂျီနက်စ်သည် မကောင်းဆိုးဝါး ပုံစံ ဖြစ်သော  Zombie ပုံစံ ဆေးမင်ကြောင် ရေးထိုးထားခြင်း ဖြစ်သည်။ ယခင်က လမ်းဘေး တွင် နေထိုင်ပြီး ဆေးမင်ကြောင်များ ရေးထိုးနိုင်ဖို့ ကြုံရာ အလုပ်ကို ၀င်လုပ်လေ့ ရှိသည်။ လေဒီဂါဂါ၏ Born This Way သီချင်းကို ရိုက်ကူးသည့် ဒါရိုက်တာသည် ဂျီနက်စ်၏ ဆေးမင်ကြောင်ကို သဘောကျ သောကြောင့် ခေါ်ယူ အသုံးပြုခဲ့သည်။ ယင်း နောက်ဂျီနက်စ်သည် ထင်ရှားသည့် မော်ဒယ်တစ်ဦး ဖြစ်လာခဲ့သည်။
၈။ ဂျီနိုဒါနယ်
          အသက်(၂၄) နှစ်အရွယ်ရှိ ဂျီနိုဒါနယ်၏ မျက်နှာပေါ်တွင် ဆေးမင်ကြောင် ရေးထိုးခဲ့သည့် အကြောင်းအရင်းကို သိရှိပါက ရယ်စရာ အဖြစ် သတ်မှတ်ကြမည် ဖြစ်သည်။ ဓာတ်ပုံ ဆရာ တစ်ဦးသည် မျက်နှာပေါ်က ဆေးမင်ကြောင်များ အမည်ရ ပြပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ခဲ့သည်။ ထိုအခါ ဂျီနိုဒါနယ်က မျက်နှာ ပေါ်တွင် ဆေးမင်ကြောင်များ ရေးထိုးကာ ဓာတ်ပုံ ရိုက်ကူးမှု ပြုလုပ် ခဲ့သည်။ ထိုစဉ်က ဂျီနိုဒါနယ်၏ အသက် သည် (၁၈) နှစ်သာရှိ သေးသည်။ ဗြိတိန်မှ ဓာတ်ပုံဆရာ တစ်ဦး ဖြစ်သည့် လီဗာက မျက်နှာပေါ်တွင် ဆေးမင်ကြောင် ထိုးသူများကို ရှာဖွေရိုက်ကူးကာ ထူးခြားသည့် ပြပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...