Wednesday, May 9, 2018

ပင်စင်ငွေလေးနဲ့ လမ်းချိုင့်ခွက် လိုက်ဖို့ သူ


          အိန်္ဒိယနိုင်ငံတောင်ပိုင်း ဟိုင်ဒရာဘတ်မြို့မှာ ပင်စင်ငွေလေးနဲ့ လမ်းချိုင့်ခွက်တွေ လိုက်ဖို့ပေးနေသည့် ဂန်ဂါဒါရာတာလစ် ကတ်နမ် ဆိုသော အစိုးရ ၀န်ထမ်းဟောင်းကြီး ရှိသည်။ ဘီဘီစီ သတင်းဌာနမှ ဂီတာပန်ဒေး က လမ်းချိုင့်ခွက်ဖို့ သူကြီးနှင့် သွားရောက် တွေ့ဆုံမေးမြန်း ထားသည်။ ဟိုင်ဒရာဘတ် မြို့ခံ များက မစ္စတာ ကတ်နမ်ကို “လမ်းဆရာဝန်ကြီး ဟု ချစ်စနိုးခေါ်ကြသည်။
          မနက် (၈) နာရီသာ ရှိသေးသည်။ နေက ချစ်ချစ်တောက်ပူ နေပြီ။ မစ္စတာ ကတ်နမ်သည် ကားလမ်းမ ပေါ်တွင် ၎င်းတို့ အလုပ် လုပ်မည့် နေရာတစ်ဝိုက် လမ်းတား အလံလေးများ စိုက်ထား လိုက်သည်။ မစ္စတာ ကတ်နမ်ကို (၁၆) နှစ်အရွယ် ကျောင်းသားလေး တစ်စုက ၀ိုင်းကူကြသည်။ ထိုနေ့က သူတို့ လူစု လမ်းချိုင့်ခွက် သုံးခုဖို့လို့ ပြီးသွားသည်။

          ပြီးခဲ့သည့် ရက်ပိုင်းက ထိုလမ်းချိုင့်ခွက်ကြောင့် စကူတာ ဆိုင်ကယ်လေး တစ်စီးမှောက်ကာ ဆိုင်ကယ် စီးလာသည့် အမျိုးသမီးနှင့် နောက်က လိုက်လာသည့် ကလေးမလေးပါ ဒဏ်ရာ ရရှိခဲ့သည်။ ထိုဖြစ်စဉ်ကို လူ တစ်ယောက်က ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး မစ္စတာ ကတ်နမ်ထံ လိပ်စာနှင့် တကွ ပေးပို့ သဖြင့် ယခုလို လမ်းချိုင့်ခွက်ကို လာဖို့ပေးခြင်း ဖြစ်သည်။
          မစ္စတာ ကတ်နမ်သည် အိန်္ဒိယရထား လုပ်ငန်းတွင် အင်ဂျင်နီယာ အဖြစ် (၃၅) နှစ် တိုင်တိုင် လုပ်ကိုင် ခဲ့ပြီး၊ ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလတွင် အငြိမ်းစားယူ ခဲ့သည်။ နောက်တစ်နှစ် အကြာတွင် ဆော့ဖ်ဝဲ ကုမ္ပဏီ တစ်ခုက တစ်လရူးပီး ခုနစ်သောင်း (၁၀၅၄ ဒေါ်လာ) ဖြင့် အလုပ်ခန့်ထား ခဲ့သည်။
          လမ်းချိုင့်ခွက် လိုက်ဖို့သည့် ကိစ္စက ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလတွင် စတင် ခဲ့သည်။ မနက်ခင်း အလုပ်ကို ကားမောင်း သွားတုန်း ရေ၀င်နေတဲ့ လမ်းချိုင့်ခွက်ထဲ ကျွန်တော့် ကားဘီးနင်းမိပြီး ကျောင်းသွားနေတဲ့ ကျောင်းသားလေး တွေရယ်၊ ကျောင်းလိုက်ပို့တဲ့ မိဘတွေရယ်ကို ဗွက်ရေတွေ ပေကုန်တယ်။ ကျွန်တော်လည်း တော်တော် စိတ်မကောင်း ဖြစ်သွားတယ် ဟု မစ္စတာ ကတ်နမ်က ပြောသည်။
          အခြားသူများဆိုလျှင် ထိုကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားမည် မှန်သော်လည်း မစ္စတာ ကတ်နမ် ကမူ မမေ့။ နောက်တစ်နေ့ မှာပင် အလုပ်သမား နှစ်ယောက်ငှားကာ ထိုလမ်းချိုင့်ခွက်ကို ဖို့ပစ်လိုက်သည်။ နောက်နှစ်ရက် အတွင်း ထိုလမ်းပိုင်းက လမ်းချိုင့်ခွက် (၆၀) ခန့်ကိုလည်း ဆက်ဖို့ပစ် ခဲ့သည်။
          လမ်းမှာ သွားရင်းလာရင်း စွန့်ပစ်ထားသည့် ကတ္တရာများ၊ ခဲကျိုးများတွေ့တိုင်း အိတ်ထဲ ထည့်ကာ သူ့ကားနဲ့ တင်ယူ လာသည်။ လမ်းချိုင့်ခွက်များ ဖာထေးရာတွင် ထိုပစ္စည်းများ သုံးလိုက်သည်။ အခြား လိုအပ်သည့် ပစ္စည်းများ ၀ယ်စရာ ရှိလျှင်လည်း သူ အိတ်စိုက်ပြီး ၀ယ်သည်။
          လမ်းချိုင့်ခွက်တွေ လိုက်ဖို့ပေးနေ တာကို လူတွေက ချီးကျူးကြတော့ ကျွန်တော်လည်း ပျော်လာပြီး စွဲစွဲမြဲမြဲလုပ်ဖြစ် သွားတယ်ဟု မစ္စတာကတ်နမ်က ပြောသည်။ ၂၀၁၁ ခုနှစ်တွင် မစ္စတာကတ်နမ် တစ်ယောက် အလုပ်က အနားယူ လိုက်ပြီး လမ်းချိုင့်ခွက် လိုက်ဖို့သည့် အလုပ်ကို အချိန်ပြည့် လုပ်ကိုင်သည်။ သို့သော် ၀င်ငွေ မရှိ၊ ပင်စင်လစာ ရူးပီး (၂၃၀၀၀) ကလည်း နည်းပါးသဖြင့် လမ်းချိုင့်ခွက်ဖို့ရေး စီမံကိန်းကြီးက အချိန်တို အတွင်းမှာပင် ဘတ်ဂျတ်ပြတ်လပ် လာသည်။ ထို့အပြင် သူ့အလုပ်က လမ်းပေါ် နေပူကျဲကျဲထဲ လုပ်ရတာများ သဖြင့် ကျန်းမာရေး ထိခိုက်မှာလည်း ဇနီး ဖြစ်သူက စိုးရိမ်သဖြင့် ကာဆီးကာဆီးလုပ် လာသည်။
           ၂၀၁၂ ခုနှစ်မှာ အမျိုးသမီးက အမေရိကန်မှာ ဆော့ဖ်ဝဲ အင်ဂျင်နီယာ လုပ်နေတဲ့ သားငယ်ဆီ ဖုန်းဆက်ပြီး ကျွန်တော့်ကို ဖျောင်းဖျခိုင်းတယ်။ သားလည်း အိန်္ဒိယခဏ ပြန်လာပြီး ကျွန်တော့် ကျန်းမာရေး ထိခိုက်မှာ စိုးလို့ လမ်းချိုင့်ခွက် လိုက်ဖို့တဲ့ အလုပ် ဆက်မလုပ်ဖို့ ပြောတယ်။ သားအဖ နှစ်ယောက် အချေ အတင် စကားတွေပါ များရတယ်ဟု မစ္စတာ ကတ်နမ်က ပြောသည်။
          တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ သားအဖ စကားများနေတုန်းမှာပဲ ကျွန်တော်တို့ မျက်စိရှေ့မှာတင် စက်ဘီးစီးလာတဲ့ လူတစ်ယောက် လမ်းချိုင့်ခွက်ထဲ နင်းမိပြီး စက်ဘီးလဲကျ ဒဏ်ရာရ သွားတယ်။ အဲဒီမှာ သားငယ်လည်း ကျွန်တော့်အလုပ်ရဲ့ တန်ဖိုးကို မြင်သွားပြီး မတားတော့ဘဲ သူပါ ကူညီဖို့ ဆုံးဖြတ်ခဲ့တယ်ဟု မစ္စတာ ကတ်နမ်က ပြောသည်။
          သားဖြစ်သူက ဖခင် အတွက် ဖေ့စ်ဘွတ်ခ် စာမျက်နှာ တစ်ခု ဖွင့်ပေးပြီး ဖခင်၏ လမ်းချိုင့်ခွက် ဖို့သည့် ပရဟိတ လုပ်ငန်း အကြောင်း ဓာတ်ပုံများနှင့် တကွ တင်ပေးခဲ့ သဖြင့် မစ္စတာ ကတ်နမ်၏ စေတနာကို နိုင်ငံတ၀န်းက သိရှိကာ အလှူငွေ များလည်း ပေးပို့ခဲ့ကြ သဖြင့် ဘတ်ဂျတ် မလုံလောက်မှုလည်း ပြေလည်သွား ခဲ့သည်။
          အာဏာပိုင်များ ကလည်း မစ္စတာ ကတ်နမ် လမ်းချိုင့်ခွက်ဖို့ဖို့ အတွက် ပစ္စည်းများ အခမဲ့ ထုတ်ယူခွင့် ပြုခဲ့သည်။ သို့ဖြစ်ရာ ပြီးခဲ့သည့် ခြောက်နှစ် အတွင်း ဟိုင်ဒရာဘတ်မြို့ တွင် လမ်းချိုင့်ခွက်ပေါင်း (၁၂၄၄) ခုထိ ဖို့ပေးနိုင်ခဲ့သည်ဟု မစ္စတာကတ်နမ်က ပြောသည်။
          ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း ကျန်းမာရေး ချူချာလာ သဖြင့် တစ်ပတ်လျှင် နှစ်ကြိမ် သုံးကြိမ်ခန့်သာ လမ်းပေါ် ထွက်ပြီး လမ်းချိုင့်ခွက်ဖို့နိုင် တော့သည်ဟု ဆိုသည်။ ဘယ်အချိန်ထိ လမ်းချိုင့်ခွက်တွေ လိုက်ဖို့နေ မည်နည်း ဟု မေးမြန်းသည်တွင် မဆိုင်းမတွပင် အဖြေ ပေးသည်။
          ““နောက်ဆုံးထွက်သက်ထိပေါ့ဗျာ”” ဟူ၍။
Ref: The man who uses his pension fund to fill potholes (BBC)
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...