Wednesday, January 30, 2019

ဘတ် ၁၀ သန်းတန် ပတ္တမြားကို စိတ်ကူးယဉ်ဆန်ဆန် အကွက်ချခိုးယူခဲ့သည့် ထိုင်းလူလိမ်


လောင်းကစားပြုလုပ်ခြင်းကြောင့် ဆင်းရဲမွဲတေသွားတဲ့ ထိုင်းအမျိုးသားတဦးဟာ ရုပ်ရှင်ထဲကလို စိတ်ကူးယာဉ်ဆန်ဆန် အကွက်ချပြီး ဘတ် ၁၀ သန်းတန်ကြေးရှိတဲ့ ပတ္တမြားကြီးကို ခိုးယူသွားခဲ့တယ်လို့ OC သတင်းမှာဖော်ပြပါတယ်။
ဒီလုပ်ရပ်ကို ကျူးလွန်သူက အသက် ၅၉ နှစ်အရွယ် ပီပတ်ပွန်းပတ်ဆိုသူဖြစ်ပါတယ်။ သူဟာ အရင်က ကျောက်မျက်ရတာနာလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ချန်သာဘူရီရဲ့ အချမ်းသာဆုံးစာရင်းဝင်တဦး ဖြစ်ခဲ့ပါတယ်။
လောင်းကစားမှုကြောင့် နောက်ပိုင်းမှာတော့ ဘတ်ငွေ ၄၀၀၀၀ သာ ကျန်တဲ့အထိ ဆင်းရဲသွားခဲ့ရပါတယ်။
ငွေကြေးအကြပ်အတည်းနဲ့ ကြုံနေရချိန်မှာ ပီပတ်ဟာ သူနဲ့အရင်က သိကျွမ်းခဲ့ဖူးတဲ့ အိန္ဒိယရတနာ ကုန်သည်တဦးက ဘတ် ၁၀ သန်းတန် ပတ္တမြားတလုံးကို အရောင်းတင်ထားတာ သိခဲ့ရပြီး ဒါကိုခိုးယူဖို့ အကြံရခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ပီပတ်ဟာ သူ့မှာရှိတဲ့ ပိုက်ဆံတွေထဲက ပိုက်ဆံ ဘတ် ၁၀၀၀၀ ကို ဘန်ကောက်မြို့လူစည်းကားရာ နေရာတခုမှာ ဆိုင်ခန်းတခုငှားရမ်းခဲ့ပြီး ဘတ် ၂၀၀၀၀ ကိုတော့ အဲ့ဒီနေရာကို ရတနာဆိုင်တခုနဲ့ တူအောင်ပြုပြင်မွမ်းမံခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ပီပတ်ဟာ ဆိုင်ခန်းတံခါးစနစ်ကို အော်တိုတံခါးအဖြစ် ပြောင်းလဲတပ်ဆင်ခဲ့ပြီး  ဆိုင်ကယ်ကယ်ရီမောင်းတဲ့ ကမ္ဘောဒီယား နိုင်ငံသားတဦးကိုလည်း ငှားရမ်းခဲ့ပါတယ်။
အားလုံးအဆင်သင့်ဖြစ်ချိန်မှာ ပီပတ်က အိန္ဒိယ ရတနာကုန်သည်ကိုအကြောင်းကြားကာ စိန်ကို စိတ်ဝင်စားကြောင်းပြောဆိုပြီး လူချင်းတွေ့ဆုံညှိနှိုင်းဖို့ သူ့ဆိုင်ကို ခေါ်ဆောင်ခဲ့ပါတယ်။
အိန္ဒိယကျောက်ကုန်သည်က ပီပတ်ရဲ့ ဖိတ်ကြားမှုကို လက်ခံခဲ့ပြီး အဖော်တယောက်နဲ့အတူ ဆိုင်ရှိရာကို ရောက်ရှိလာပါတယ်။ ပြောဆိုနှုတ်ဆက်ပြီးချိန်မှာ ပီပတ်က အိန္ဒိယ ရတနာ ကုန်သည်ထံက စိန်ကို တောင်းယူ ကြည့်ရှုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူက စိန်ကိုမဝယ်ခင် နေအလင်းရောင်နဲ့ နှိုင်းယှဉ်ကြည့်ချင်ကြောင်း ပြောဆိုခဲ့ပြီး စိန်ကိုယူဆောင်ကာ ဆိုင်အရှေ့ကို ထွက်လာပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အော်တိုတံခါးကိုပိတ်ကာ အသင့်စောင့်နေတဲ့ ဆိုင်ကယ်ကိုစီးပြီးထွက်ပြေးသွားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်ရပ်တခုလုံး သုံး မိနစ်သာ ကြာမြင့်ခဲ့ပါတယ်။ ပီးပတ်ဟာ ဘတ် ၁၀ သန်းတန် (ကန်ဒေါ်လာ ၃၀၀၀၀၀) စိန်ကို အလစ်ရိုက်ဖို့တစ်ပတ်သာ အချိန်ယူခဲ့တာပါ။
အဲ့ဒီနောက်မှာတော့ အိန္ဒိယကျောက်ကုန်သည်က ရဲတိုင်ခဲ့တဲ့အတွက် ပီးပတ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ရှာဖွေမှုပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်နေမှာ ကမ္ဘောဒီယားနိုင်ငံကို မထွက်ခွာခင် စစ်ဆေးရေးဂိတ်တခုမှာ ဖမ်းမိခဲ့ပါတယ်။
ပီးပတ်က သူဟာ လောင်းကစားလုပ်ဖို့ ငွေလိုတာကြောင့် ဒီလိုကြံစည်ခဲ့တာလို့ ထွက်ဆိုခဲ့ပြီး စိန်ကိုတော့ ဗီယက်နမ်ကုန်သည်တစ်ဦးစီ မူလတန်ကြေးထက် အဆ ၂၀ နည်းပါးတဲ့ ဘတ် ၅၀၀၀၀၀ နဲ့ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။
Credit:DVB

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...